spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်း၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး နိုင်ငံရေးကဏ္ဍတွင် အချက်တစ်ချက် စတင်အတည်ပြုနိုင်ခဲ့ဟု မွန်အမျိုးသားပါတီပြော

    ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး နိုင်ငံရေးကဏ္ဍတွင် အချက်တစ်ချက် စတင်အတည်ပြုနိုင်ခဲ့ဟု မွန်အမျိုးသားပါတီပြော

    -

    ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး တတိယနေ့ နိုင်ငံရေးဆိုင်ရာမူဝါဒတွင် တစ်ချက်အတည်ပြုနိုင်ခဲ့ပြီဟု မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ချစ်ဦးက မွန်သတင်းအေဂျင်စီသို့ မေ ၂၆ရက်က ပြောသည်။

    “စိုးရိမ်စိတ်ကို ပယ်ဖျက်မယ့် စကားလုံးတွေ ဆွေးနွေးနေတယ်။ အခုထိလည်း ညှိနှိုင်းနေတုန်းပါပဲ။ ဖက်ဒရယ်ထဲမှာတော့ တစ်ချက်ကိုအတည်ပြုပြီးပြီ” ဟု နိုင်ချစ်ဦးက ပြောသည်။

    နိုင်ငံရေးကဏ္ဍဆွေးနွေးသည့်ကိုယ်စားလှယ်များ(MNA)

    အတည်ပြုလိုက်သော အချက်တစ်ချက်မှာ တန်းတူရေးကဏ္ဍအောက်မှ တိုင်းရင်းသားလူမျိုးတိုင်းသည် လူမျိုးရေးအရ တန်းတူရည်တူ အခွင့်အရေးရှိရမည့်အပြင် ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းကာကွယ် မြှင့်တင်ခွင့်ရှိရမည် ဖြစ်သည်။

    အချက်တချက် သဘောညီခဲ့သော်လည်း သတင်းမီဒီယာသမားများ ဝင်ရောက်ခြင်းမပြုနိုင်သည့် ဆွေးနွေးပွဲခန်းမတွင်း အကျေအလည်ဆွေးနွေးမှုများတွင် သဘောထားတင်းမာမှုများ၊ မကျေလည်မှုများနှင့် ရလဒ်အထိမရောက်ရှိနိုင်မှုများရှိနေသည်။

    “အခုတော့လည်နေတယ်။ အဓိကကတော့ စကားလုံးအသုံးအနှုန်းအပေါ်မှာပေါ့။ သဘောထားတင်းမာတာဆိုလို့ရှိရင် ဖွဲ့စည်းပုံကတော်တော်တင်းမာတယ်။ ဒီဖွဲ့စည်းပုံကို အခြေခံပြီးတော့ပဲ လာလာပတ်နေတယ်ဆိုတော့ ရှေ့ကိုမတိုးဘူး။ UPDJC က တင်လာတဲ့အပေါ်မှာ တစ်ပိုဒ်ပြီး တစ်ပိုဒ်တော့ ဆွေးနွေးနေဆဲပါ” ဟု နိုင်ငံရေးကဏ္ဍဆွေးနွေးပွဲ ကိုယ်စားလှယ်တဦးဖြစ်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောသည်။

    “အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ တိုင်းနဲ့ပြည်နယ်မှာ ဆွဲသင့် မဆွဲသင့် နောက်ပြီးတော့ တိုင်းနဲ့ပြည်နယ်တွေထဲကနေပြီးတော့မှ လုံးဝခွဲထွက်ခြင်းမပြုရဆိုတာမျိုးကို တချို့တွေက စကားလုံးပြင်းထန်တယ် ဒီစကားလုံးအစား အခြားစကားလုံး ပြောင်းထည့်ရင်ကောင်းမလား ဝေါဟာရကို နည်းနည်း ပြုပြင်ရင် ကောင်းမလား အဲဒါနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးကြပါတယ်” ဟု ကရင်ပြည်နယ် မွန်တိုင်းရင်းသားရေးရာဝန်ကြီး မင်းတင်ဝင်းက ပြောသည်။

    နိုင်ငံရေးကဏ္ဍဆွေးနွေးမှုများတွင် ဖက်ဒရယ်နှင့်ဆက်စပ်သည့် အကျေအလည်ဆွေးနွေးမှုများ ရှိသော်လည်း ညှိနှိုင်းရမည်ဟု တပ်မတော်သား ကိုယ်စားလှယ်က ၎င်းအမြင်ကိုပြောသည်။

    “ဖက်ဒရယ်စနစ်မူဘောင်အစားဆိုတဲ့နေရာမှာလည်း ကျွန်တော်တို့က ဖက်ဒရယ်စနစ်မူဘောင် မဟုတ်တော့ဘဲနဲ့ ဒီနေရာမှာတော့ ဖြစ်ပေါ်လာမယ့် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆိုပြီးတော့ အဆိုပြုပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြားအဖွဲ့အစည်းတွေကတွေကတော့ ဖက်ဒရယ်စနစ်မူဘောင်ထဲကလို့ အဆိုပြုတယ်။ ကျွန်တော်တို့ကတော့ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီလို့ ပြောင်းလဲပြီးတော့ အဆိုပြုတယ်” ဟု ဗိုလ်မှူးချုပ်ဝင်းဇော်မိုးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    နိုင်ငံရေးဆိုင်ရာမူဝါဒဖြစ်သည့် ဖက်ဒရယ်စနစ်အခြေခံမည့်မူများတွင် အချုပ်အခြာအာဏာတွင် ၁ချက်၊ အချုပ်အခြာအာဏာကျင့်သုံးမှုတွင် ၁ချက်၊ တန်းတူရေးတွင် ၂ချက်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွင် ၅ချက်၊ ဖက်ဒရယ်ပြည်ထောင်စုမူ (ဖွဲ့စည်းမှုနှင့် အာဏာခွဲဝေမှု)တွင် ၁၀ချက်၊ ပါတီစုံဒီမိုကရေစီစနစ်တွင် ၂ချက် စသည်တို့ကို ဆွေးနွေးညှိနှိုင်းနေခြင်း ဖြစ်သည်။

    နိုင်ငံရေးကဏ္ဍဆိုင်ရာမူဝါဒ၊ လူမှုရေးကဏ္ဍဆိုင်ရာမူဝါဒ၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာမူဝါဒ၊ လုံခြုံရေးကဏ္ဍဆိုင်ရာမူဝါဒ နှင့် စီးပွားရေးကဏ္ဍဆိုင်ရာမူဝါဒ တို့ကို အခန်းတစ်ခန်းစီ ဆွေးနွေးနေကြပြီး ညီလာခံ နောက်ဆုံးနေ့မတိုင်ခင်အထိ ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်မည်ဖြစ်သည်။

    ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးကို မေလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့ထိ ငါးရက်ကြာ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပလျက်ရှိရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် နိုင်ငံရေးပါတီအစုအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ပါဝင်သင့်ပါဝင်ထိုက်သူများ အပါအဝင် ကိုယ်စားလှယ် ၇၀ဝ ဦးခန့်တက်ရောက် ဆွေးနွေးလျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks