spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းUNFC ညီလာခံ မတက်သဖြင့် တိုင်းရင်းသားတို့၏အသံအားနည်းဟု မွန်အမျိုးသားပါတီ MNP အတွင်းရေးမှူးပြော

    UNFC ညီလာခံ မတက်သဖြင့် တိုင်းရင်းသားတို့၏အသံအားနည်းဟု မွန်အမျိုးသားပါတီ MNP အတွင်းရေးမှူးပြော

    -

    ကျင်းပဆဲ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ပါဝင်တက်ရောက်မှုမရှိသဖြင့် တိုင်းရင်းသားတို့၏အသံအားနည်းဟု ညီလာခံတက်ရောက်နေသူ မွန်အမျိုးသားပါတီ MNP အထွေထွေအတွင်းရေးမှူး နိုင်လယီတမက ပြောသည်။

    “အခုကျင်းပတဲ့ညီလာခံဟာ ပြီးခဲ့တဲ့ပထမအကြိမ်ညီလာခံထက်ပိုပြီးထူးခြားတယ်၊ ဘာလဲဆိုတော့ သက်ဆိုင်ရာအစုအဖွဲ့အလိုက်အခြေခံမူတွေကို ချမှတ်ပြီး သဘောတူညီမှုတွေရယူကြမှာပါ၊ ဒါပေမယ့် UNFC ပါဝင်တက်ရောက်မှုမရှိတဲ့အတွက် တိုင်းရင်းသားတို့ရဲ့အသံ အားနည်းနေတယ်” ဟု နိုင်လယီတမက ဆိုသည်။

    မွန်အမျိုးသားပါတီ MNP အထွေထွေအတွင်းရေးမှူး နိုင်လယီတမ(MNA)

    ညီလာခံသို့ လက်ရှိတက်ရောက်နေသည့်ကိုယ်စားလှယ်အများစု၏ ဘုံသဘောတူညီချက်ကို ဆုံးဖြတ်ချက်ချမှတ်နိုင်မည်ဖြစ်သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အားလုံးပါဝင်မှုမရှိသေးသဖြင့် အပြန်အလှန်ဆွေးနွေးကြရမည့် အရေးကြီးသည့်အကြောင်းအရာများအား ဆုံးဖြတ်နိုင်လိမ့်မည်မဟုတ်ကြောင်း ၄င်းက ယူဆသည်။

    (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေး ဒုတိယနေ့တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သယံဇာတ၊ လုံခြုံရေး စသည့် ကဏ္ဍ ကြီး ၅ ရပ်ကို နေပြည်တော်အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ MICC2 ၌ နေရာ ၅ ခုခွဲ၍ကျင်းပလျက် ရှိသည်။

    အဆိုပါ ညီလာခံကိုတက်ရောက်နေသည့် မွန်ပါတီများ၏ ကိုယ်စားလှယ်များက ၄င်းတို့၏ပါဝင်ခွင့်ရသည့်အခန်းကဏ္ဍနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာတိုးတက်မှုရှိနိုင်သည်ဟုမျှော်လင့်ကြောင်း ပြောသည်။

    “အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်တဲ့နေရာမှာ မွန်တိုင်းရင်းသားတွေရဲ့ခံယူချက် လိုလားချက်တွေကို ဒီညီလာခံမှာ ကျနော်တို့ပါတီက တင်ပြတောင်းဆိုတဲ့ အခွင့်အရေးရရှိတယ် ” ဟု နိုင်လယီတမက ဆက်ပြောသည်။

    အလားတူ ညီလာခံသို့တက်ရောက်နေသော မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်ကျန်ရစ်က “အရင်က လက်နက်ကိုင်ပြီးဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတာ အနှစ် ၇၀ ရှိပြီ၊ လက်ရှိကျနော်တို့နိုင်ငံရေးရဲ့အခင်းအကျင်းက ပြောင်းလဲသွားပါပြီ၊ ဒီကနေ့အနေအထားကတော့ တိုင်းရင်းသားတွေအာလုံးအတူတကွ ညီလာခံခန်းမထဲမှာ အားလုံးအတူတကွထိုင်ပြီး ဖက်ဒရယ်နိုင် ငံဘယ်လိုတည်ဆောက်မှာလဲဆိုတာ ဆွေးနွေးဆုံးဖြတ်ကြမယ့်အဆင့်ကို ရောက်လာပြီ” ဟု ဆိုသည်။

    သို့ရာတွင် အင်အားကြီးသည့်သူပေးသမျှသာရမည့် အယူအဆများ ဆက်လက်ဖြစ်ပေါ်နေပါက ရည်မှန်းချက်ပန်းတိုင်နှင့် အလှမ်းဝေးနေဦးမည်ဟု ၄င်းက ဆက်ပြောသည်။

    ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖို့ကမူ လွှမ်းမိုးချုပ်ကိုင်မှုကင်းသည့် အခင်းအကျင်းကိုဖန်တီးထားမှသာ အကြေအလည်ညှိနှိုင်းအဖြေရှာနိုင်ကြမည်ဖြစ်ကြောင်းပြောသည်။

    ထို့ပြင် ဆွေးနွေးဘက်တွေအားလုံးအတွက် လုံလောက်သည့်ပြင်ဆင်မှု၊ သတင်းဖလှယ်မှု၊ အချိန်ယူဆွေးနွေးနိုင်မှုနှင့် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးကြားမှာ စိတ်ကျေနပ်ဖွယ်ညှိနှိုင်းဆွေးနွေးမှုမရှိခဲ့ပါလျင် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရရန် ခက်ခဲပြီး အမျိုးသားရင်ကြားစေ့ရေးမှာလည် အလှမ်းဝေးနေမည်ဖြစ်ကြောင်းလည်း ယမန်နေ့ မေလ ၂ ၄ ရက်နေ့ ညီလာခံအဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်မရေးထိုးရသေးသည့် UNFC အဖွဲ့အနေဖြင့် ကျင်းပဆဲပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့တက်ရောက်နိုင်ခြင်းမရှိသော်လည်း ဥက္ကဌတာဝန်ယူထားသည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အဖွဲ့ဝင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တို့သည် ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ UWSA ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့်အတူ ငြိမ်းချမ်းရေးညီလာခံသို့ အထူးဖိတ်ကြားသူအဖြစ် တက်ရောက်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks