Monday, March 23, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်အမျိုးသားကျောင်းသားများ အစိုးရကျောင်းသို့ကူးပြောင်းလိုပါက ဝင်ခွင့်စာမေးပွဲဖြေဆိုရမည်

    မွန်အမျိုးသားကျောင်းသားများ အစိုးရကျောင်းသို့ကူးပြောင်းလိုပါက ဝင်ခွင့်စာမေးပွဲဖြေဆိုရမည်

    -

    ၂၀၁၇-၁၈ ပညာသင်နှစ်တွင် မွန်အမျိုးသားစာသင်ကျောင်းမှ ကျောင်းသားများ အစိုးရစာသင်ကျောင်းသို့ အတန်းကူးပြောင်းသင်ကြားလိုပါက ကျောင်းဝင်ခွင့် စာမေးပွဲကိုဖြေဆိုရမည်ဟု မွန်ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးမျိုးတင့်အောင်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ဦးမျိုးတင့်အောင်က “မွန်အမျိုးသားစာသင်ကျောင်းမှ အစိုးရစာသင်ကျောင်းကို ကူးပြောင်းမယ်ဆိုရင် သတ်မှတ်ချက်အရ ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ဖြေဆိုပြီးရင် အတန်းနေရာသတ်မှတ်ပေးမယ်၊ ဥပမာ- မွန်အမျိုးသားကျောင်းမှ ၃ တန်း အောင်ထားပြီးဆိုပါက အစိုးရကျောင်းသို့ ၄ တန်းတက်လိုလျင် အစိုးရ ၃ တန်းစာမေးပွဲကို ပြန်လည်ဖြေဆိုရမယ်” ဟု ဆိုသည်။

    မွန်အမျိုးသားကျောင်းသားများ အမျိုးသားအလံတင်နေစဉ်(MNA)

    မွန်အမျိုးသားပညာရေးကျောင်းမှ ကျောင်းသား/ကျောင်းသူများ အစိုးရကျောင်းသို့ ကူးပြောင်းသည့်အခါ အစိုးရစစ်ဖြစ်သည့် ၄ တန်း၊ ၈ တန်း၊ ၁၀ တန်းအတွက် နိုင်ငံတော်၏မေးခွန်းကို ဖြေဆိုရမည် ဖြစ်ပြီး အခြားသော အစိုးရစစ်မဟုတ်သည့်အတန်းများအတွက် ၃ ဘာသာ (မြန်မာစာ၊ အင်္ဂလိပ်၊သင်္ချာ) ဖြေဆိုရမည်ဟု ၎င်းက ဆက်ပြောသည်။

    အကယ်၍ အစိုးစစ်စာမေးပွဲမေးခွန်းကို မဖြေဆိုထားသော မွန်အမျိုးသားပညာရေးမှ ကျောင်းသားများအနေဖြင့် အစိုးရကျောင်းသို့ အတန်းကူးပြောင်းပါက အခက်ခဲရှိနိုင်မည်ဟု မွန်ကျောင်းဆရာများက သုံးသပ်ထားပြီး ၎င်းမေးခွန်းကို ဝင်ရောက်ဖြေဆိုမည်ဟု ဆုံးဖြတ်ထားသည်။

    “ပြည်နယ်ပညာရေးမှူးနဲ့ ကျနော် တွေ့ဆုံဆွေးနွေးခဲ့ဘူးတယ်၊ ၈ တန်းအစိုးရစစ်ကိုမဖြေဆိုထားဘူးဆိုရင် သူပြောတာက အစိုရကျောင်းကို ၉ တန်းဆိုပြီး အတန်းပြောင်းဝင်လာလို့မရပါဘူး၊ ဒါပေမယ့် ပြင်ပကျောင်းသားအနေနဲ့ အစိုးရစာသင်ကျောင်းမှာ ၉ တန်းဖြေဆိုတာကိုတော့ သူတို့လက်ခံပါတယ်၊ ပြင်ပမှ ၉ တန်းအောင်ပြီး အစိုးရ ၁၀ တန်းကျောင်း တက်လို့ရတယ်၊ မအောင်ရင်လည်း အစိုးရကျောင်း ၉ တန်းမှာ ပြန်နေခွင့်ရှိတယ်”ဟု မွန်အမျိုးသားပညာရေးကော်မတီဝင် မင်းအောင်ဇေက ပြောပြသည်။

    ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် မွန်အမျိုးသားပညာရေးကျောင်းမှ ၁၀ တန်းနှင့် ၈ တန်းကျောင်းသားများ အစိုးရစစ်စာမေးပွဲကို ဖြေဆိုခဲ့ကြောင်း၊ ကျောင်းဝတ်စုံ စသည့် အထောက်အကူပစ္စည်းများ ထောက်ပံ့မှုပေးနိုင်ရန် ကျောင်းသားစာရင်းများကို အစိုးရပညာရေးဌာနမှ တောင်းခံထားကြောင်း ၎င်းက ဆက်ပြောသည်။

    မွန်ပြည်သစ်ပါတီလက်အောက်ခံ မွန်အမျိုးသားပညာရေးကော်မတီတွင် အထက်တန်း (၃) ကျောင်း၊ အလယ်တန်း(၁၂) ကျောင်း၊ မူလွန် (၂၃) ကျောင်း၊ မူလတန်းကျောင်း (၁၀၄) ကျောင်း၊ အစိုးရစာသင်ကျောင်းများတွင်တွဲဖက်သင်ကြားနေသည့် စာသင်ကျောင်း (၁၀၇) ကျောင်းရှိပြီး ကျောင်းသား/သူများ စုစုပေါင်း ၃ သောင်းကျော် ရှိကြောင်း သိရသည်။

    ၁၉၉၅ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးကော်မတီ-နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီ အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုအရ မွန်အမျိုးသားကျောင်းမှ ကျောင်းသား/ကျောင်းသူများကို အစိုးရစာသင်ကျောင်းများတွင် ဆက်လက်ပညာသင်ကြားရန် လက်ခံခဲ့ပြီး မွန်အမျိုးသားကျောင်းမှ ၁၀ တန်းကျောင်းသားများ အစိုးရစာစစ်ဌာနများတွင် ဝင်ရောက်ဖြေဆိုခဲ့ရာ မွန်အမျိုးသားပညာရေးဌာနမှ ကျောင်းသား ၄၀ဝ ကျော် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီးဖြစ်ကြောင်း အံဒင် မွန်အမျိုးသားပညာရေးအထက်တန်းကျောင်းအုပ်ဆရာမကြီး မိလဝီဟံထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks