မွန်ပြည်နယ်၏ထွက်ကုန်ဖြစ်သည့် ဆန်စပါး၊ ရာဘာ၊ ဥယာဉ်ခြံလုပ်ငန်းများမှ ကျွဲကော၊ ဒူးရင်း၊ သီဟိုဌ်၊ သံပုရာ၊ သရက်နှင့် ကွမ်းသီးများ၊ ပင်လယ်ငါးဖမ်းခြင်းလုပ်ငန်းမှ ငပိ၊ ငါးခြောက်၊ ငံပြာရည်နှင့် ပင်လယ်ဆားငံရည်မှ နေလှမ်းဆားလုပ်ငန်းများအား အသေးစားအလတ်စားလုပ်ငန်းများနှင့် ချိတ်ဆက်ကောင်အထည်ဖော်နိုင်သည့် အခွင့်အလမ်းကောင်းများစွာ တွေ့ရှိနေရသည်။
ထိုသို့ ရှိနေပြီးသားအခွင့်အလမ်းကောင်းများကို အသေးစားနှင့် အလတ်စားစီပွားရေးလုပ်ငန်း SMEs များ အကောင်အထည်ဖော်ဆောင်သွားပါက စီးပွားရေးတိုးတက်လာမည်ကို မြင်တွေ့နေရသည်။ သို့ရာတွင် SMEs လုပ်များအကောင်အထည်ဖော်လုပ်ကိုင်နိုင်ရန် လျှပ်စစ်ဓါတ်အားလုံလောက်စွာရရှိနိုင်ဖို့က အဓိကလိုအပ်ချက်တစ်ခုဖြစ်ကြောင်း မွန်ပြည်နယ်၊ ရေးမြို့နယ် ပြည်နယ်လွှတ်တော်အမတ် မဲဆန္ဒနယ်မြေ(၁) မှ ဒေါက်တာမင်းစိုးလင်းက ပြောသည်။
“လုပ်ငန်းတစ်ခု လုပ်တဲ့အခါကျလို့ရှိရင် မီးခလုတ် တစ်ခုဖွင့်လိုက်ရင် မီးလင်းနေရမယ်။ ရေခလုတ်ဖွင့်လိုက်ရင် ရေလာနေရမယ်။ ဒါက ကျွန်တော်တို့အတွက် အဓိက စိန်ခေါ်မှုတွေဖြစ်တယ်၊ SME လုပ်နိုင်ဖို့က လျှပ်စစ်ဓါတ်အားမလုံလောက်ရင် ဘယ်လိုမှမဖြစ်နိုင်ဘူး” ဟု ၄င်းက ဆိုသည်။
ဒေါက်တာမင်းစိုးလင်းသည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးစဉ်ကာလအတွင်း ရေးမြို့နယ်မြောက်ပိုင်းရှိ ၄င်း၏မဲဆန္ဒနယ်မြေတွင် တောင်သူလယ်သမားများဘဝကို လူလတ်တန်းစားဖြစ်အောင် SMEs လုပ်ငန်းများ ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု ကတိပေးပြောကြားခဲ့သူ ဖြစ်သည်။
အလားတူ မွန်ပြည်နယ်ဒေသထွက် အိမ်သုံးဆားများ လျှပ်စစ်ဓါတ်အားဖြင့် အခြောက်ခံစနစ်အသုံးပြုနိုင်မှသာ အိမ်နီးချင်းထိုင်းနိုင်ငံဆားကဲ့သို့ ဈေးကွက်ဝင်မည်ဖြစ်ကြောင်း ဆားလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။
“ထိုင်းဆားတွေကို လက်နဲ့တို့ကိုင်လိုက်ရင် စေးကပ်မနေဘူး၊ ခြောက်သွေ့နေတယ်၊ ကျနော်တို့ဆားတွေကို သူတို့လိုအစိုဓါတ်လုံးဝကင်းအောင် မလုပ်ဆောင်နိုင်ဘူး၊ သူတို့နိုင်ငံမှာ လျှပ်စစ်ဓါတ်ဖူလုံမှုရှိတော့ အခြောက်ခံကရိယာ Dryer တွေသုံးနိုင်တယ်၊ သူတို့ဆားတွေကို ဂိုထောင်ထဲမှာ ၂ နှစ်လောက်ပစ်ထားရင်လည်း ဒီအတိုင်းခြောက်သွေ့နေမှာပါ၊ ကျနော်တို့ဆားတွေ ၂ နှစ်လောက်သိမ်းထားရင် အတုံးကြီးတွေဖြစ်ကုန်ပြီး တုတ်နဲ့ပြန်ကလော်ထုတ်မှရမယ်၊ လက်ရှိအနေအထားမှာ ကျနော်တို့ဆားကို ဘယ်လိုပဲ အခြောက်ခံထားထား သူတို့ဆားကိုလိုက်မမီပါဘူး” ဟု မွန်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းအဖွဲ့ဝင် မင်းတင်မောင်ဝင်း(ခေါ်) နိုင်ဟုက ထောက်ပြသည်။
မွန်ပြည်နယ်အတွင်း မြို့နယ် ၉ မြို့တွင် အစိုးရလျှပ်စစ်မီးရရှိသော်လည်း မီးမကြာခဏပြတ်တောက်ခြင်း၊ လျှပ်စစ်ဗို့အားမပြည့်သည့်အတွက် ဗီဒီယိုတည်းဖြတ်ရာတွင် အခက်အခဲများစွာကြုံတွေ့နေရသည်ဟု မွန်ပြည်နယ် ဗီဒီယိုရိုက်ကူးရေးသမားများက ဆိုသည်။
“မီးလာရင်လည်း ဗို့အားမပြည့်တော့ ထရန်စဖွန်မာသုံးရတယ်၊ မီးအားဆောက်တက်မှာစိုးလို့ အမြဲတမ်းသတိနဲ့အလုပ်လုပ်ကိုင်နေရတယ်၊ မီးစက်နှိုးပြီးအလုပ်လုပ်ရင် တွက်ခြေမကိုက်ပါဘူး” ဟု ဗီဒီယိုရိုက်ကူးသူ ကိုစိုးမိုးက ပြောသည်။
သို့သော် လျှပ်စစ်မီးလုံလောက်စွာရရှိသည်ထက် လက်ရှိ SME အတွက် အဓိကစိန်ခေါ်မှုက ငွေကြေးအရင်းအနှီးဖြစ်သည်ဟု ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောကြားခဲ့သည်။
၄င်းက ”အပေါင်မရှိဘဲနဲ့ ငွေချေးလို့မရတော့ အိမ်ရာမဲ့၊ မြေယာမဲ့တွေ အရင်းအနှီးရဖို့လိုပါတယ်။ စမယ့်ဟာတောင်မှ စလို့မရတာ အသေးစား၊ အလတ်စားတွေရှင်သန်ဖို့ ငွေကြေးထောက်ပံ့ဖို့လိုတယ်။ နည်းပညာက နောက်မှ စဉ်းစားပါ။ သူတို့လုပ်ငန်းတွေကို ပိုက်ဆံပံ့ပိုးပေးနိုင်တာ၊ ကူညီပေးနိုင်တာ မရှိသေးဘူး”ဟု ဆိုသည်။
လက်ရှိအစိုးရသစ်လက်ထက်တွင် နိုင်ငံစီးပွားရေးဖွံ့ဖြိုးမှုကိုအထောက်အကူပြုမည့် အသေးစား အလတ်စားစီးပွားရေးကဏ္ဍကို လှည့်မကြည့်နိုင်ခဲ့ပေ။ အစိုးရသစ်လက်ထက် တစ်နှစ်တာအတွင်း ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ ထင်သလောက် တိုးတက်မလာဘဲ မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းမှာလည်း ကျဆင်းခဲ့သည်။
“ကျမတို့ဆားလုပ်ငန်းရှင် ၁၀ ဦးလောက် မွန်ပြည်နယ် SME အသင်းဝင်ခဲ့တာ ၂ နှစ်လောက်ရှိပါပြီ၊ CB ဘဏ်ကနေ SME အတွက်ချေးငွေထုတ်ပေးမယ်ဆိုလို့ တင်လိုက်တဲ့လျှောက်လွှာတွေအတွက် ထောက်ခံတွေအမျိုးမျိုးလုပ်ခဲ့တာပဲ၊ ဒါပေမယ့် ဘာချေးငွေမှမရခဲ့ပါဘူး၊ SME ကိုတောင် စိတ်ပျက်သွားပါပြီ၊ ကျမလိုပဲ ဘဝတူအသင်းဝင်းတွေကလည်း ဆက်မလျှောက်တော့ဘူး” ဟု မွန်ပြည်နယ် ဆားလုပ်ငန်းအသင်းဝင် ဆရာမဒေါ်နှင်းညွန့်က ပြောသည်။
ဘဏ်ချေးငွေရရှိရန်အတွက် လိုင်စင်တစ်ခုခုရရန် ဌာနဆိုင်ရာများမှ ထောက်ခံချက်အမျိုးမျိုးရယူခဲ့ရပြီး လျှောက်လွှာတင်သွင်းခဲ့သော်လည်း ဘဏ်ချေးငွေလုံးဝမရရှိခဲ့ကြောင်း၊ ယခုအခါဘဏ်ချေးငွေရရှိရန်လည်း ဆန္ဒမရှိတော့သဖြင့် လုံးဝလက်လျော့လိုက်ပြီဖြစ်ကြောင်း၊ မိမိတို့ဆားလုပ်ငန်းရှင်တစ်ဦးအနေဖြင့် ဘဏ်ချေးငွေ သိန်း ၂၀ဝ ခန့်ရယူရန် အလွန်ခက်ခဲသော်လည်း သိန်းတစ်ထောင်၊ သိန်းတစ်သောင်းချေးယူသူများအတွက် အလွယ်တကူရရှိနေကြောင်း ၄င်းကထောက်ပြသည်။
တဖက်တွင် ငွေအရင်းအနှီးရှိသည်ဆိုသော်ငြား နည်းပညာများမရှိပါက SME လုပ်ငန်းအကောင်အထည်ဖော်နိုင်လိမ့်မည်မဟုတ်ကြောင်း ကိုယ်ပိုင်အသေးစားလုပ်ငန်းလုပ်ကိုင်နေသူ ထိုင်းမြန်မာနယ်စပ်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင် နိုင်စိုးမွန်က သုံးသပ်သည်။
“ကျနော်တို့နေထိုင်တဲ့ပတ်ဝန်းကျင်မှာ SME စီးပွားရေးတွေ လုပ်ကိုင်နေကြတာမဟုတ်ဘူး၊ နောက်ပြီး ငွေအရင်းအနှီးရှိပြီး ဘာလုပ်ကိုင်ရမှန်းမသိသူ အများကြီးတွေ့နေရတယ်၊ မိမိကိုယ်ပိုင်ဉာဏ်နဲ့ စွန့်ဦးတီထွင်တဲ့အသိုင်းအဝိုင်းမှာ ကျနော်တို့ကလည်း ပညာမသင်ကြားခဲ့ရဘူး၊ တားဆီးပိတ်ပင်မှုအမျိုးမျိုးကြုံတွေ့ခဲ့လာတော့ စွန့်စားပြီးလုပ်ကိုင်လိုစိတ်မရှိဘူး၊ ဒါကြောင့် စဉ်းစားတွေခေါ်ပုံတွေကအစ နောက်ဆုံးပေါ်နည်းပညာတွေမဖြစ်မနေ လိုအပ်နေတယ်” ဟု ၄င်းက ပြောသည်။
အောင်မြင်ဖြစ်ထွန်းနေသော SMEs လုပ်ငန်းနည်းပညာများ စရိတ်သက်သာစွာဖြင့် လေ့လာလိုပါလျင် ထိုင်းနိုင်ငံက အသင့်တော်ဆုံးဖြစ်သည်ဟု ဆိုသည်။
အသေးစားအလတ်စားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရန် စိန်ခေါ်မှုများရင်ဆိုင်နိုင်ရေး၊ စီးပွား အခွင့်အလမ်းများ ဖန်တီးနိုင်ရေးနှင့်အတူ အခြေခံအဆောက်အအုံများ ရရှိရေး၊ ဈေးကွက် မြှင့်တင်ရေး၊ ကုန်ထုတ် နည်းပညာများ မြှင့်တင်ရေးနှင့် လုပ်ငန်းချဲ့ထွင်နိုင်ရန် ငွေကြေးဆိုင်ရာ ဖြေရှင်းရေးတို့အတွက် လိုအပ်သည့် အရည်အချင်းများရရှိရေးတို့ကို ဆည်းပူးလေ့လာရန်လိုအပ်သည်ဟု စက်မှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြောကြားခဲ့သည်။
NLD အစိုးရသည် စီးပွားရေးတိုးတက်ဖွံ့ဖြိုးရေးကို ဦးစားမပေးဘဲ ငြိမ်းချမ်းရေးကိုသာ ပထမဦးစားပေးလုပ်ဆောင်နေခြင်းသည် မှားယွင်းမှုဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က မေလ ၁၄ ရက်နေ့ Park Royal ဟိုတယ်၌ပြုလုပ်သည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ဝေဖန်ခဲ့သည်။