spot_img
Wednesday, February 11, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးစက်မှုသုံးအရက်ပြန်စက်ရုံ(ဘီးလင်း) ယာယီရပ်ဆိုင်းထားရန် ပြည်နယ်အစိုးရ ညွှန်ကြား

    စက်မှုသုံးအရက်ပြန်စက်ရုံ(ဘီးလင်း) ယာယီရပ်ဆိုင်းထားရန် ပြည်နယ်အစိုးရ ညွှန်ကြား

    -

    စက်မှုဝန်ကြီးဌာနလက်အောက်ရှိ စက်မှုအရက်ပြန်ထုတ်လုပ်ရေး ကုမ္ပဏီလိမိတက်၏ စက်မှုသုံးအရက်ပြန်စက်ရုံ(ဘီးလင်း) စက်မှုမှတ်ပုံတင်ထားခြင်းမရှိခြင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ချက်များ ဆောင်ရွက်ထားမှုမရှိသဖြင့် မေလ ၅ ရက်နေ့က စက်ရုံလုပ်ငန်းများအား ယာယီရပ်ဆိုင်းထားရန် ပြည်နယ်အစိုးရမှ ညွှန်ကြားထားကြောင်း သိရသည်။

    IEE, EIA, SIA, EMP တို ့နှင့် အညီဆောင်ရွက်ထားခြင်းမရှိသည့်အတွက် ပြည်နယ်အစိုးရက ယာယီ ရပ်ဆိုင်းခိုင်းလိုက်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ဆိုသည်။

    စက်မှုသုံးအရက်ပြန်စက်ရုံ(ဘီးလင်း) အတွင်းမြင်ကွင်းတစ်နေရာ(Facebook)

    “စက်ရုံထဲက စွန့်ပစ်ရေဆိုးတွေအတွက် တိတိကျကျလုပ်ထားတာ ဘာမှမရှိဘူး။ ပတ်ဝန်းကျင်သောက်သုံးရေ စီမံချက်ထိခိုက်မှု အစီရင်ခံစာကို သူတို့ လုပ်ဆောင်ရမယ်။ စွန့်ပစ်ရေတွေကြောင့် အဲဒီအနီးအနားရှိ ကျေးရွာတွေက သောက်သုံးရေတွေအတွက် ဒီတစ်လ နှစ်လကတော့ လှူဒါန်ပေးသွားမယ်”ဟု ၎င်းက ပြောကြားသည်။

    မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီအနေဖြင့် စက်ရုံမှ ထွက်ရှိလာသည့် အနံ့ဆိုးများ၊ အမှုံအမွှားများနှင့် ရေဆိုးများကို ဘီလင်းမြို့သူမြို့သား ထပ်မံ မခံစားစေချင် သောကြောင့် စက်ရုံနှင့်ပတ်သက်သည့်အချက်အလက်များကို စုဆောင်းပြီး အသေးစိတ်အစီရင်ခံစာ တစ်စောင်ဖြစ်လာစေရန် ဆောင်ရွက်နေပြီး ယင်းအစီရင်ခံစာကို လွှတ်တော်မှတစ်ဆင့် အစိုးရထံ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ကြည့်ရေးကော်မတီ ဥက္ကဋ္ဌ ဘီးလင်းမြို ့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက ပြောသည်။

    “ကျွန်တော်တို့က အရေးပေါ်လုပ်ဆောင်ရမယ့် အချက်တွေ၊ ရေတိုရေရှည်လုပ်ဆောင်ရမယ့်အချက်တွေကို အားလုံးညှိနှိုင်းတိုင်ပင်ပြီးတော့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကနေတဆင့် ပြည်နယ်အစိုးရထံကို အစီရင်ခံစာ တင်ပြပေးခဲ့ပါတယ်။ ဒါကို ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ချက်ချင်း အရေးတယူဆောင်ရွက်ရမယ့် အခြေအနေ မျိုးဖြစ်တယ်လို့ သုံးသပ်ပြီးတော့ အခုလိုဆောင်ရွက်ခဲ့တာလို့ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။

    ကန်ဘဲ့အင်းဝန်းကျင်ရှိ ရပ်ကွက်၊ ကျေးရွာဒေသခံများသည် အဆိုပါရေဆိုး၏အနံ့များ ရှုရှိုက်မိသည့်အတွက် အော့အန်ခြင်း၊ မူးဝေခြင်းများကို ခံစားနေရသည့်အပြင် စွန့်ပစ်ရေဆိုးများက မြေကြီးထဲသို့ စိမ့်ဝင်မှုကြောင့် လယ်ယာမြေများ၊ ခြံမြေများ၊ စိုက်ပျိုးမရသည့် အခြေအနေဖြစ်ပေါ်နေကြောင်း ကန်သာယာရပ်ကွက် အင်းဝိုင်းကုန်းအပိုင်းနေ ဒေသခံပြည်သူတစ်ဦးက ပြောသည်။

    “အခုလို စက်ရုံကို ပိတ်တာနောက်တောင်ကျနေပြီး။ ဘာ့ကြောင့်လည်းဆိုတော့ ကန်ဘဲ့အင်းကြီးဆိုရင် လုံးဝပျက်ဆီးသွားပြီး။ အခုလက်ရှိ စက်ရုံပတ်ဝန်းကျင်မှာရှိတဲ့ တွင်းရေ၊ ကန်ရေတွေ သောက်သုံးလို့လုံးဝ မရတော့ဘူး”ဟု ၄င်းကရှင်းပြသည်။

    ဘီးလင်းမြို့နယ်၊ ကန်ဘဲ့အင်းနှင့် မြို့ပေါ်ရပ်ကွက်သုံးခုရှိ သောက်သုံးရေတွင်း၊ ရေကန်ရေများတွင် ရေအရည်အသွေး နိမ့်ကျနေပြီး သောက်သုံးရန် သင့်လျော်ခြင်းမရှိကြောင်း တင်ပြထားသည့်အပေါ် မေလ ၄ ရက်က မွန်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

    အဆိုပါ စက်ရုံပြန်လည်ဖွင့်လှစ်မည်ဆိုပါက IEE, EIA, SIA, EMP တို့နှင့်အညီ ဆောင်ရွက်ပြီးစီးမှုကို ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြန်ပေးရန် ဆုံးဖြတ်ထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ အကြောင်းကြားစာတွင် ဖေါ်ပြပါရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks