spot_img
Wednesday, February 11, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမော်လမြိုင်- ဘီလူးကျွန်းနတ်မှော် ဇက်ရေယာဉ်ရပ်နား

    မော်လမြိုင်- ဘီလူးကျွန်းနတ်မှော် ဇက်ရေယာဉ်ရပ်နား

    -

    ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သဖြင့် မော်လမြိုင်- နတ်မှော်သို့ ပြေးဆွဲနေသည့် ဇက်ရေယာဉ်သည် ယနေ့ ဧပြီလ ၂၈ ရက်နေ့တွင် တရားဝင်ရပ်နား လိုက်ပြီးဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်တွင်းရေကြောင်းပို့ဆောင်ရေး သံလွင်ဌာနခွဲမှ သိရသည်။

    မော်လမြိုင်- နတ်မှော်၊ မော်လမြိုင်- ကလွီ သို့ပြေးဆွဲနေသည့်ရေယာဉ်လိုင်းနှစ်ခုအနက် မော်လမြိုင်- နတ်မှော်လိုင်းတွင် ခရီးသည်နှင့် ကုန်စည်လိုက်ပါမှုမရှိတော့သည့်အတွက် ဇက်ရေယာဉ် ရပ်နားခြင်းဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး သံလွင်ဌာနခွဲ လက်ထောက်အထွေထွေမန်နေဂျာ ဦးလှဝင်းနိုင်က မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

    မော်လမြိုင်- ဘီလူးကျွန်းနတ်မှော် ဇက်ရေယာဉ်(MNA)

    ဦးလှဝင်းနိုင် က “ ဒီကနေ့ ၂၈ ရက်နေ့ကစပြီးတော့ မော်လမြိုင်- နတ်မှော်လမ်းကို ပိတ်သိမ်းလိုက်ပါတယ်၊ မော်လမြိုင်- ကလွီလမ်းကိုတော့ တစ်နေ့ တစ်ခေါက် ဇက်ရေယာဉ် ပြေးဆွဲပေးနေဦးမယ်” ဟုပြောသည်။

    ယင်းဆိပ်ကမ်းနှစ်ခုရှိ ဇက်ရေယာဉ် နှစ်စီးတွင် တံတားမဖွင့်ခင်က တစ်နေ့လျှင် နှစ်ခေါက်နှုန်ပြေးဆွဲခဲ့ကာ ယခုအခါ မော်လမြိုင်- ကလွီ ရေယာဉ်လိုင်းတစ်ခုသာ ထားရှိသွားမည်ဖြစ်ရာ တစ်နေ့လျှင် တစ်ခေါက်နှုန်းဖြင့် ဆက်လက်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

    သို့ရာတွင် မော်လမြိုင်- ကလွီသို့ ပြေးဆွဲနေသည့် ဇက်ရေယာဉ်အား ခရီးသည်သွားလာမှုအပေါ် မူတည်ပြီး အရင်းငွေပြန်ရမှသာ ဆက်လက်ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း ဦးလှဝင်းနိုင်က ဆက်ပြောသည်။

    အလားတူ ဧပြီလ ၂၈ ရက်နေ့တွင် မော်လမြိုင်- ဘီလူးကျွန်းသို့ ပြေးဆွဲနေသည့် စက်လှေများ နှင့် ဇက်ရေယာဉ် ခရီးသည်လိုက်ပါစီးနင်းမှု အနည်းငယ်သာ ကျန်ရှိတော့ကြောင်း သိရသည်။

    ကညှော်လှေဆိပ်တွင်လှေမောင်းသမား ဦးမောင်နီ က “ လှေနဲ့လူသွားလာမှုပါးလာတယ်၊ လူသွားလာမှုက ဆယ်ပုံတစ်ပုံတောင် မရှိတော့ဘူး” ဟု ပြောသည်။

    ယင်းလှေဆိပ်တွင် တစ်နေ့လျှင် ပဲ့ထောင်စက်လှေ ၁၄ စီးခန့်ပုံမှန်ပြေးဆွဲနိုင်သော်လည်း တံတားပေါ်ဖြတ်သန်းနိုင်သည့်အချိန်မှစ၍ ဘီလူးကျွန်း-မော်လမြိုင် စက်လှေပြေးဆွဲသည့်လုပ်ငန်းများ ရပ်စဲရတော့မည့်အနေအထားရှိနေကြောင်း ၄င်းကဆက်ပြောသည်။

    စင်္ကာပူနိုင်ငံထက်အနည်းငယ်ပိုကြီးပြီး အကျယ်အဝန်း ဧရိယာ၂၅၄ ဒသမ ဝ၉၈ စတုရန်းမိုင် ကျယ်ဝန်းသည့် ဘီလူးကျွန်းတွင် လူဦးရေ ၁၆၀,ဝ၀ဝ ကျော် နေထိုင်ပြီး ကျေးရွာအုပ်စု ၄၅ အုပ်စုနှင့် ကျေးရွာပေါင်း ၇၈ ရွာဖြင့် ဖွဲ့စည်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks