သံလွင်တံတား (ချောင်းဆုံ) စီမံကိန်းနာမည်ဖြင့် တည်ဆောက်ခဲ့သည့်တံတားအား ယနေ့ ဧပြီလ ၂၇ ရက်နေ့ နံနက်စောစောပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) အမည်ပြောင်းလဲဆိုင်းဘုတ်တင်ပြီးနောက် နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် စတင်ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) အား ဧပြီလ ၂၆ ရက်နေ့တွင် ကုန်တင်ကားကြီးများဖြင့် တံတားခံနိုင်ဝန် စမ်းသပ်ခဲ့ပြီးနောက် ဧပြီလ ၂၇ ရက်နေ့မှ မေလ ၆ ရက်နေ့အထိ နံနက် ၅ နာရီမှ ည ၁၀ နာရီအထိ တံတားပေါ် ယာယီဖြတ်သန်းခွင့်ပြုသွားမည်ဟု တံတားတည်ဆောက်ရေးအဖွဲ့အမှတ် (၄)မှ ညွှန်ကြားရေးမှူး ဦးသိန်းမြင့်မွန်က ပြောသည်။
ဦးသိန်းမြင့်မွန် က “အခုကတော့ စမ်းသပ်ကာလမှာ ဖြတ်ခိုင်းတာလေ၊ ဒါ ဝန်စမ်းသပ်တဲ့ကာလလေ၊ ပထမရက်မှာ ကားကြီးနဲ့ စမ်းသပ်တယ်၊ အခုလူတွေနဲ့ တကယ်သွားလာ စမ်းသပ်ကာလပေါ့နော်၊ တံတားဖွင့်ပြီးမှပဲ အများပြည်သူ အသုံးပြုသွားမှာလေ” ဟုပြောသည်။
သို့ရာတွင် မည်သည့်နေ့ရက်တွင် မည်ကဲ့သို့တံတားဖွင့်ပွဲအခမ်းအနားကျင်းပမည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
ဘီလူးကျွန်းဒေသခံ ဦးခိုင်မာ က “ကျနော်တို့ အင်မတန်ချစ်ခင်လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို တံတားနာမည်တပ်တာ မကောင်းဘူးပေါ့နော်၊ ဒါက ဒေသခံတွေအများစု ခံစားရတဲ့ ခံစားချက်ပေါ့၊ နောက်ဒေသခံတွေ ဆန္ဒဖော်ထုတ်နေရင်းနဲ့ အခုလိုလုပ်သွားတာကတော့ ဒေသခံတွေရဲ့ ဆန္ဒကို လျစ်လျူရှုတဲ့သဘောတက်ရောက်နေတယ်” ဟုပြောသည်။
အဆိုပါတံတားအား ယခင်သံလွင်တံတား (ချောင်းဆုံ) အမည်နာမဖြင့် ပြန်လည်သတ်မှတ်ပေးရန် ဒေသခံများက ဆန္ဒပြုလက်မှတ်ရေးထိုးလျက်ရှိရာ ယနေ့တွင် လက်မှတ် ၁ သိန်း ၂ သောင်းကျော် ရရှိခဲ့ပြီး ယင်းလက်မှတ်များကို တိုင်းရင်းသားရေးရာဝန်ကြီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ပေးပို့သွားမည်ဟု သိရသည်။
အလားတူ ဧပြီလ ၂၄ ရက်နေ့ ရက်စွဲဖြင့် သံလွင်တံတား (ချောင်းဆုံ) ဆိုင်ရာလူထုလှုပ်ရှားမှုကော်မတီက နိုင်ငံတကာအသိုင်းအဝိုင်းသို့ မွန်တိုင်းရင်းသားတို့၏ တောင်းဆိုချက် ၃ ချက်ကို အိတ်ဖွင့်စာပေးပို့ တောင်းဆိုခဲ့သည်။
အဆိုပါတံတားသည် အရှည် ၁၇၅၉ ပေ၊ အကျယ် ၆၄ ပေ၊ မုပွန်ချဉ်ကပ်တံတား ၆၈၉ ပေနှင့် ကညှော်ချဉ်းကပ်တံတား ၂၇၅၆ ပေရှိပြီး သမ္မတဦးသိန်းစိန်လက်ထက်က သံလွင်တံတား (ချောင်းဆုံ) စီမံကိန်းနာမည်ဖြင့် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်နေ့၌ စတင်ပန္နက်ချတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တံတားပြီးစီးသည့် NLD အစိုးရလက်ထက်တွင် ဗိုလ်ချုပ်အောင်ဆန်းတံတားအမည် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။