Monday, March 23, 2026
More
    spot_img
    Homeသတင်းဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း) ဆိုင်းဘုတ်တင်ပြီး

    ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း) ဆိုင်းဘုတ်တင်ပြီး

    -

    မွန်ပြည်နယ်၊ မော်လမြိုင်နှင့် ဘီလူးကျွန်း(ချောင်းဆုံ) သို့ဆက်သွယ်သည့် သံလွင်တံတား(ချောင်းဆုံ) အား ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း) အမည်ဖြင့် ယနေ့နံနက်စောစောပိုင်းတွင် ဆိုင်းဘုတ်တင်ပြီးဖြစ်ကြောင်း သိရသည်။

    မော်လမြိုင်-မုပွန်ဘက်တွင် ဧပြီလ ၂၇ ရက် နံနက် ၄ နာရီခွဲအချိန်ခန့် ဆိုင်းဘုတ်စတင်ခဲ့ပြီး ချောင်းဆုံ-ကညော်ဘက်၌ နံနက် ၆ နာရီခန့်တွင် ဆိုင်းဘုတ်တင်ခဲ့ခြင်း ဖြစ်သည်။

    ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း)(Internet)

    မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “၂၇.၄.၂၀၁၇
    မနက် ၅ နာရီမှ ည ၁၀ နာရီထိ ဗိုလ်ချူပ်အောင်ဆန်းတံတား(ဘီလူးကျွန်း)မှ ပြည်သူအပေါင်း စတင် ဖြတ်သန်းနိုင်ပါပြီ။ မွန်ပြည်နယ်တိုးတက်ပါစေ ပြည်သူအပေါင်းနှလုံးစိတ်ဝမ်းအေး ချမ်းပါစေ” ဟု ၄င်း၏ Facebook လူမှုကွန်ယက်အင်တာနက်စာမျက်ပေါ်တွင် ရေးသားဖော်ပြထားသည်။

    သို့ရာတွင် အဆိုပါတံတားဆိုင်းဘုတ်တင်ပြီးဖြစ်သော်လည်း ဖွင့်ပွဲကျင်းပပြုလုပ်မည့်ရက်ကို မသတ်မှတ်နိုင်သေးကြောင်း၊ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်လက်မခံသည့် သံလွင်တံတား(ချောင်းဆုံ)ဆိုင်ရာ လူထုလှုပ်ရှားမှုကော်မတီက မူလစီစဉ်ထားသည့်အတိုင်း ဆက်လက်လှုပ်ရှားသွားမည်ဟု ဆိုသည်။

    သံလွင်တံတား(ချောင်းဆုံ)ဆိုင်ရာ လူထုလှုပ်ရှားမှုကော်မတီဝင် မင်းအောင်မွန်က “ ဒီကိစ္စကို ဘယ်လိုဆက်လုပ်ကြမလဲဆိုတာ အစည်းအဝေးပြန်ထိုင်မယ်၊ ပြီးတော့ နိုင်ငံတကာကိုလည်း ကျနော်တို့ အိတ်ဖွင့်စာပေးပို့ထားပါတယ်၊ မူလအမည် သံလွင်တံတား(ချောင်းဆုံ) သတ်မှတ်ပေးဖို့ လူထုဆန္ဒပြုသဘောထားလက်မှတ် ဆက်လက်ကောက်ခံနေလို့ မပြီးသေးဘူး” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    သံလွင်တံတား(ချောင်းဆုံ) လူထုသဘောထားဆန္ဒပြုလက်မှတ်ကို ဧပြီလ ၁၃ ရက်နေ့မှစတင်ကောက်ခံရာတွင် မွန်ပြည်နယ်အပြင် ကရင်ပြည်နယ်၊ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်းများအထိ ကောက်ခံသွားမည်ဖြစ်ရာ ယနေ့တွင် ၁ သိန်း၂ သောင်းခန့်ရရှိထားပြီး ပြည်ထောင်စုအစိုးရသို့ ဆက်လက်ပေးပို့တင်ပြသွားမည်ဟု ဆိုသည်။​

    သံလွင်တံတား(ချောင်းဆုံ)ဆိုင်ရာ လူထုလှုပ်ရှားမှုကော်မတီအနေဖြင့် မော်လမြိုင်မြို့တွင် မတ်လ ၁၉ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်လက်မခံသူ လူထုအင်အား ၃ သောင်းကျော် လူထုချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်ကို တွေ့ရသည်။

    အလားတူ သံလွင် (ချောင်းဆုံ) တံတားအမည်ကို ဗိုလ်ချပ်အောင်ဆန်းတံတားဟု ပြည်သူ့လွှတ်တော်၏ ဆုံးဖြတ်ချက်အတိုင်း တံတားအမည်ပြောင်းလဲမည်ဆိုပါက အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူမပြုသည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆(ခ)ပါ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးကို ထိခိုက်စေမည်ဟု ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP အပါအဝင် နိုင်ငံရေးပါတီ ၁၄ ပါတီက ဧပြီ ၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် အဆိုပါစီမံကိန်းကို သံလွင်တံတား(ချောင်းဆုံ)အမည်ဖြင့် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းတံတားအဖြစ် နာမည်ပြောင်းရန် NLD လွှတ်တော်အမတ်များ အဆိုတင်သွင်းထောက်ခံပြီး မဲခွဲအတည်ပြုခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks