spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းတိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့က NCA ပြင်ပမှငြိမ်းချမ်းရေးအဖြေရှာသွားမည်ဟုဆို

    တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့က NCA ပြင်ပမှငြိမ်းချမ်းရေးအဖြေရှာသွားမည်ဟုဆို

    -

    တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး ၇ ဖွဲ့ဖြင့် ပူးပေါင်းဖွဲ့စည်းထားသော “ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ” နှင့်အတူ NCA လမ်းကြောင်းပြင်ပမှ ငြိမ်းချမ်းရေးအဖြေရှာသွားမည်ဟု တအာန်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော် PSLF/TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး တာအိုက်ကျော်က ဧပြီ ၂၀ ရက်တွင် မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် ကျနော်တို့လက်နက်ကိုင် ၇ ဖွဲ့ အတူတကွပါဝင်သွားမယ်၊ အဲဒီအထဲမှာ စစ်ရေးအရတော့ ကျွန်တော်တို့ လေးဖွဲ့ဖြစ်တဲ့ မြောက်ပိုင်းမဟာမိတ်အနေနဲ့ပဲ ဆက်လက် ပူးပေါင်းလုပ်ဆောင်သွားမှာပါ ”ဟု တာအိုက်ကျော်က ပြောသည်

    စစ်ရေးအရ ကချင် KIA၊ ပလောင် TNLA၊ ကိုးကန့် MNDAA၊ ရခိုင် AA ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေနဲ့ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်ဆင်ရေးတစ်ရပ်လှုပ်ရှားခဲ့သည်ဟု ဆိုသည်။

    ပန်ခမ်းထုတ်ပြန်ချက်(Copy)

    ၂၀၁၇ ခုနှစ်၊ဧပြီ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ခေါင်းဆောင်များ၏ မျက်နှာစုံညီ စတုတ္တအကြိမ် အစည်းဝေးကို ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်နယ်မြေ ပန်ခမ်းမြို ့၌ ကျင်းပခဲ့ပြီးနောက် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

    ယင်းအစည်းအဝေးတွင် မြောက်ပိုင်းဒေသရှိတိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့အနေဖြင့် NCA လမ်းကြောင်းအတိုင်း မလိုက်တော့ဘဲ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရန်အတွက် လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကြုံတွေ့နေရသော အခက်အခဲမှ မည်သို့ ထိုးဖောက်မလဲ စသည့် စာတမ်းတစ်စောင်ကို ရေးသားပြုစုကာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရထံ ပေးပို့သွားမည်ဟု ဧပြီ ၁၉ ရက်နေ့ ပန်ခမ်း အစည်းအဝေး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ထို့အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် တစ်ဖွဲ့ချင်း ဆွေးနွေးမှု ပြုတော့မည်မဟုတ်ဘဲ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ အနေဖြင့်သာ ဆွေးနွေးသွားတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြသည်။

    အဆိုပါ မျက်နှာစုံညီအစည်းအဝေးသို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/ KIA)၊ မြန်မာနိုင်ငံအမှန်တရားနှင့်မျှတမှု အမျိုးသားပါတီ (MNTJP/MNDAA)၊ တအာန်းအမျိုးသား လွတ်မြောက် ရေး တပ်မတော် (PSLF/TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ ရှမ်းပြည်နယ်အရှေ့ပိုင်း အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့(PSC/NDAA)၊ ‘၀’ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA)တို့မှ ကိုယ်စား လှယ် ၂၇ ဦး တက်ရောက်ခဲ့သည်။

    မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က “NCA စပြီး လုပ်ကတည်းက သွားချင်တဲ့လမ်းကြောင်းပုံစံက မတူဘူး။ UWSA သွားချင်တဲ့ လမ်းကြောင်းက သူတို့က (၁) ပြည်နယ်အဆင့် လက်မှတ်ထိုးမယ်။ (၂) ပြည်ထောင်စုအဆင့် လက်မှတ်ထိုးမယ်။ (၃) အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်လို့ လွှတ်တော်အဆင့် ဆုံးဖြတ်မယ်။ အဲဒါပြီးလို့ရှိရင် နိုင်ငံရေးဆွေးနွေးပွဲ ဆက်သွားမယ်။ ဆိုလိုတာက အပစ်အခတ်ရပ်စဲပြီးရင် နိုင်ငံရေးဆွေးနွေးပွဲသွားမယ်။ ဘာအကန့်အသတ်မှ မခံဘူးဆိုတဲ့ဘက်က သွားတာ။ NCA မှာကြတော့ ပါတဲ့အချက်အလက်တွေက အကန့်အသတ်ရှိတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အချို ့က ယူဆကြတယ်။ အဲဒီအခြေခံပေါ်မှာ ဒီလို ကွဲလွဲမှု ဖြစ်လာတယ်လို့ ထင်ပါတယ်” ဟု VOA မြန်မာပိုင်းအစီအစဉ် ဆွေးနွေးခန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks