spot_img
Tuesday, February 10, 2026
More
    spot_img
    Homeဆောင်းပါးဖက်ဒရယ်ဒီမိုကရေစီနှင့် ဒီမိုကရေစီဖက်ဒရယ်အနီးအဝေး

    ဖက်ဒရယ်ဒီမိုကရေစီနှင့် ဒီမိုကရေစီဖက်ဒရယ်အနီးအဝေး

    -

    ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီဖက်ဒရယ်

    သြဂုတ် ၃၁ ရက်နေ့ နေပြည်တော်၌ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ (ပထမအစည်းအဝေး) တွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဆိုသည့်စကားရပ်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပထမဦးဆုံး စတင်သုံးစွဲလာသည်ကို လေ့လာတွေ့ရှိရပါသည်။

    “မတူညီတဲ့ အမြင်သဘောထား တွေကို ပြည်သူတွေ ကောင်းကျိုးအတွက် ညှိနှိုင်းစွမ်းဖြစ်စေတဲ့ ပညာ၊ လက်ခံသင့်တဲ့ အတွေးအခေါ် အပြုအမူအသစ်တွေ ကို လက်ခံရဲတဲ့သတ္တိ၊ ခက်ခဲတဲ့လုပ်ငန်းတွေကို အောင်မြင်သည်ထိ ဆောင်ရွက်နိုင်တဲ့ ဝီရိယတို့နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးမှာ ပါဝင်သူအားလုံးဟာ မိမိတို့ရဲ့ကဏ္ဍကြီးငယ်မရွေး ကြိုးပမ်း ဆောင်ရွက်သွားမယ်ဆိုရင် ကျွန်မတို့မျှော်မှန်းတမ်းတနေတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်” ( ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ (ပထမအစည်းအဝေး) ဖွင့်ပွဲမှ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း ကောက်နုက်ချက်)

    ငြိမ်းချမ်းရေးညီလာခံဖွင့်ပွဲအမီ နေပြည်တော်၌တပ်ဆင်ခဲ့သည့်ဆိုင်းဘုတ်(Internet)

    ထိုနောက် ၂၀၁၆ အောက်တိုဘာ ၁၅ ရက်နေ့-NCA လက်မှတ်ရေးထိုးခြင်းနှစ်ပတ်လည်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် “ကျွန်မတို့ အခုဆိုရင် ၂၁ ရာစု ပင်လုံညီလာခံ ရလဒ်များအား စုစည်းပြီး ပြည်ထောင်စု သဘောတူညီချက် (21 st Century Panglon Conference Agreement)လက်မှတ်ထိုးခြင်းကို ဦးတည်ရပါမယ်။ ပြည်ထောင်စု သဘောတူညီ ချက်နဲ့အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသားခြင်း၊ အတည်ပြုခြင်းကို နောက်တစ်ဆင့်သွားရပါမယ်။ နောက်တစ်ဆင့်ကျတော့ ပြင်ဆင်ရေးသား အတည်ပြုပြီးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပဖို့ ဖြစ်ပါတယ်။

    နောက်ဆုံးအဆင့်ကတော့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်နဲ့အညီ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ဖို့ပဲ ဖြစ်ပါတယ်”( ဒေါ်အောင်ဆန်းစုကြည်- မိန့်ခွန်းကောက်နုက်ချက်)

    ဒီမိုကရေစီဖက်ဒရယ်ကို အစိုးရနှင့် လွှတ်တော်မှစတင်ခေါ်ဝေါ်သုံးစွဲလာခြင်း

    NLD အစိုးရသစ်လက်ထက်တွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဝေါဟာရကို ၂၀၁၆ ဇွန်လ ၁၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာအာဘော် “လက်ဆင့်ကမ်းသယ်ဆောင်ရမည့်ပင်လုံစိတ်ဓာတ်” တွင် အောက်ပါအတိုင်း အစောဆုံးလေ့လာဖတ်ရှုမိပါသည်။

    “စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရာ၌အခြေခံအတွေးနှစ်ရပ်ရှိပါသည်။ ပထမအတွေးသည်တိုင်းဒေသကြီးခုနစ်ခုနှင့် ပြည်နယ်ခုနစ်ခုအပေါ်အခြေခံသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ရန် ဖြစ်ပါသည်။ ပထဝီဝင်အနေအထားအပေါ် အခြေခံသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပုံစံဟုပြောရမည်ဖြစ်ပါသည်။

    ဤပြည်ထောင်စုပုံစံ၏ အဓိကရည်ရွယ်ချက်သည်ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကိုဦးတည်လျက် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန် ဖြစ်ပါသည်။

    ဒုတိယအတွေးသည် မြန်မာလူမျိုးများအတွက် သီးခြားပြည်နယ်တစ်ခုသတ်မှတ်၍ပြည်နယ်ရှစ်ပြည်နယ်ပါဝင်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ကိုထူထောင်ရန်ဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုးစုအပေါ် အခြေခံသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပုံစံဟု ပြောရမည်ဖြစ်ပါသည်။ ဤပြည်ထောင်စုပုံစံ၏ အဓိကရည်ရွယ်ချက်သည် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ရှိရေးတို့ကို ဦးတည်လျက် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန်ဖြစ်ပါသည်။ (သတင်းစာအာဘော်ကောက်နုက်ချက်)

    ထိုနောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံမကျင်းပမီတစ်ရက်အလို သြဂုတ်လ ၃၀ ရက်နေ့တွင်ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးက “ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် မဟာဗျူဟာမြောက် ဖြေရှင်းချက်ဖြစ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကို ပြည်ထောင်စုလွှတ်တော်က လှိုက်လှဲစွာ ကြိုဆိုပါကြောင်း ထုတ်ပြန်ကြေညာသည်” ဆိုသည့်စကားရပ်အချို့ကို တပ်မတော်သားကိုယ်စားလှယ်ဘက်က ကန့်ကွက်ခဲ့ပါသည်။

    တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးက “ဒီမူကြမ်းမှာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန်အထိ ရည်ရွယ်ပြီးဆိုတဲ့ စကားရပ်ရယ်၊ နောက်ဆုံးအပိုဒ်မှာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးအတွက်ဆိုတဲ့ စကားရပ်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁) ပုဒ်မ (၇) ပါ နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကိုကျင့်သုံးသည် ဆိုတဲ့အပိုဒ်၊ ပုဒ်မ ၈ ပါ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်း တည်ဆောက်သည်ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ (၇၊၈) တို့နဲ့ ကွဲလွဲလျက် ရှိပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကို ကြိုဆိုထောက်ခံသော်လည်း ဒီစာပိုဒ်မှာပါတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်နေတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဆိုတဲ့ စကားရပ်တွေကို ပြင်ဆင် ထုတ်ပယ်သင့်ကြောင်း အကြံပြုတင်ပြအပ်ပါတယ်” ဟု တင်ပြခဲ့ပါသည်။

    ထိုသို့ကန့်ကွက်သဖြင့် ပြည်ထောင်စုလွှတ်တော်၏ ထောက်ခံကြောင်း ကြေညာချက်အား မဲခွဲရာတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၅၈၆ ဦးအနက် ထောက်ခံမဲ ၃၉၁ မဲ၊ ကန့်ကွက်မဲ ၁၈၄ မဲ၊ ကြားနေမဲ ငါးမဲ ရှိခဲ့ပြီး ဆန္ဒမဲ အရေအတွက် စုစုပေါင်း ၅၈၀ မဲ ရှိသည့်အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပြီး ဖြစ်ပါသည်။
    (ပုံပြစာပါ “၂၁ ရာစုပင်လုံမှ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု သို့” ဆိုင်းဘုတ်များကို ပြည်ထောင်စုလွှတ်တော်ဆုံးဖြတ်ပြီးသည့်နေ့တွင်ညပိုင်းအချိန်တွင် နောက်တစ်နေ့ ငြိမ်းချမ်းရေးညီလာခံဖွင့်ပွဲအမီ နေပြည်တော်၌ ချက်ချင်းတပ်ဆင်ခဲ့ပါသည်-စကားချပ်)

    ဒေါ်အောင်ဆန်းစုကြည်နှင့် ဖက်ဒရယ်ဒီမိုကရေစီ

    ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင် စတင်ကျင်းပသည့် ၂၁ ရာစုပင်လုံ (ပထမအစည်းအဝေး) မတိုင်မီအထိ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများ၊ ဆွေးနွေးပြောဆိုချက်များအား ပြန်လည်လေ့လာပါက အနာဂတ်တိုင်းပြည်ထူတောင်ရေးကိစ္စရပ်များတွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဟူ၍သာ ခေါ်ဝေါ်ပြောဆိုသုံးနှုန်းလာခဲ့သည်ကို တွေ့ရှိုရပါမည်။

    ၂၀၁၆ ခုနှစ် ဇွန်လ ၂၈ ရက်နေ့က နေပြည်တော်ရှိ Horizon Lake View Hotel မှာ ကျင်းပပြုလုပ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးတွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ပေါ်ဖို့ ဘာပေးကြမလဲဆိုသည့်အပေါ် အခြေခံဆွေးနွေးကြဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ ခေါင်းဆောင်တွေကို မေတ္တာရပ်ခံ ပြောကြားလိုက်ပါသည်။(သတင်းဖော်ပြချက်များမှ ကောက်နုတ်ချက်)

    ပြီးခဲ့သည့်နှစ် သင်္ကြန်အလွန် ၂၀၁၆ ခုနှစ် ဧပြီလ ၁၈ ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့် နှစ်သစ်ကူးမိန့်ခွန်းတွင် ပြည်တွင်းငြိမ်းချမ်းရေး မူဝါဒနှင့်ပတ်သက်၍ “ဒီအပစ် အခတ်ရပ်စဲရေးဟာ ပြီးမြောက်အောင်လို့ အားလုံး ပါဝင်သင့်တဲ့အဖွဲ့အစည်းများပါဝင်အောင်လို့ ကျွန်မတို့ဆက်ပြီးတော့ ကြိုးစားပါမယ်။ ငြိမ်းချမ်းရေးညီလာခံများကနေတဆင့် ကျွန်မတို့နိုင်ငံသူနိုင်ငံသားများအားလုံး လိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တစ်ခုထူထောင်ဖို့အတွက် ကျွန်မတို့ဆက်ပြီးတော့ လုပ်သွားမှာ ဖြစ်ပါ တယ်”(မိန့်ခွန်းကောက်နုက်ချက်)

    ဖက်ဒရယ်ဒီမိုကရေစီနှင့် ဒီမိုကရေစီဖက်ဒရယ်အနှစ်ချုပ်

    နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာကျော်ဝင်း၏ မတ်လထုတ် “ NLD ခေတ်-ပထမနှစ်” စာအုပ်ထဲမှ နေးရှင်းစတိတ်လော၊ စတိတ်နေးရှင်းလော-အတူယှဉ်တွဲရေးလော၊ အတူပေါင်းစည်းရေးလော “ကြားအဖြေ” ရှာပုံတော်ဆောင်းပါးကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

    မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးကတည်းက နှစ်စဉ်နီးပါး(အနိမ့်ဆုံး) အသေးစားလက်နက်ကိုင် ပဋိပက္ခရှိနေခဲ့ရာ “နက်နက်ရှိုင်းရှိုင်း သဘောကွဲလွဲနေသော လူ့အဖွဲ့အစည်းဟု ကျကျနနဆိုရပါလိမ့်မည်။ ဤသို့ စစ်ပြိုင်တိုက်ခိုက်နေကြသော အင်အားစုအသီးသီး၏ ရည်မှန်းချက်များကို စိစစ်ကြည့်လိုက်လျင် သိသိသာသာကွဲလွဲနေသော နှစ်ချက်ကို ယခုလိုတွေ့ရနိုင်ပါသည်။

    ပထမရည်မှန်းချက်မှာ “အမှန်တကယ် ဒီမိုကရက်တစ်သဘောဆောင်ပြီး ဗဟိုချုပ်ကိုင်မှုလျော့ထားသော ဆန့်ကျည်ဘက်အယူအဆများကို သည်းခံနိုင်ပြီး လူနည်းစုလူမျိုးစုများကို တန်ဘိုးထားလေးစားသော ဗုဒ္ဓဘာသာဝင်ဗမာအများ ဦးဆောင်သည့် အမျိုးသားနိုင်ငံတော်။(Nation state of Burman Buddhist majority)၊ တပ်မတော်နှင့် ဗမာအများစုနှစ်သက်သည့်ပုံစံဖြစ်သည်။

    ဒုတိယရည်မှန်းချက်မှာ “လူနည်းစုလူမျိုးစုများ၏ အချုပ်အချာအာဏာကို ထိန်းသိမ်းထားသော၊ လူမျိုးပေါင်းစုံကို အတူယှဉ်တွဲရေးမူဖြင့် စုစည်းထားသော ပြည်နယ်များ၏နိုင်ငံအဖြစ်” ထူထောင်ရန်ဖြစ်သည်။(State Nation of multiple ethnic nationalities with coming together)၊ တိုင်းရင်းသား လူနည်းစုလူမျိုးစုများ လိုလားသည့်ပုံစံဖြစ်သည်။

    လက်ရှိ အမေရိကန်နိုင်ငံတွင်နေထိုင်လျက်ရှိပြီး မြန်မာ့နိုင်ငံရေးအကြောင်းလေ့လာသုံးသပ်သူ အသျှင်ရာဝိက၏ ဖက်ဒရယ်ဒီမိုကရေစီနှင့် ဒီမိုကရေစီဖက်ဒရယ်ကွာခြားပုံရှင်းပြချက်တွင် “အတိုဆုံး ပြောရရင် ဒီမိုကရေစီဖက်ဒရယ်စနစ်ဆိုတာ ပြည်နယ်တွေရဲ့အရေးကို ပြည်သူ့လွှတ်တော်က ဆုံးဖြတ်တဲ့စနစ်ပဲ။ တစ်နည်းအားဖြင့် ပြည်သူ့လွှတ်တော်ဟာ အမျိုးသားလွှတ်တော်ကို လွှမ်းမိုးတဲ့စနစ်ဖြစ်တယ်။ ဥပမာ-အခု ဖြစ်ပေါ်နေတဲ့ ဘီလူးကျွန်းတံတားကိစ္စလို ပုံစံမျိုးပဲ။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆိုတာ ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိပြီး ပြည်သူ့လွှတ်တော်က လွှမ်းမိုးလို့ မရပါ။ ပြည်နယ်တွေရဲ့အရေးမှာ ပြည်နယ်တွေဆီကရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်နယ်ကိုယ်စားလှယ်တွေကသာ ဆုံးဖြတ်ရပါတယ်။ ပြည်သူ့လွှတ်တော်က ဒီမိုကရေစီကို ကိုယ်စားပြုမယ်၊ အမျိုးသားလွှတ်တော်က ပြည်နယ်တွေကိုကိုယ်စားပြုမယ်။ လွှတ်တော်နှစ်ရပ်ကို အာဏာတူ ပေးထားခဲ့မယ်ဆိုရင် ဒါဟာ စစ်မှန်တဲ့ဖက်ဒရယ် ဒီမိုကရေစီစနစ်ပါပဲ” ဟု ဆိုပါသည်။

    အချုပ်အားဖြင့်သုံးသပ်လျင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီ၏ရပ်တည်ချက်သည် ယခင်မူလ ဖက်ဒရယ်ဒီမိုကရေစီ မှ အစိုးရအာဏာရပြီးနောက် လပိုင်းအနည်းငယ်အတွင်း ဒီမိုကရေစီဖက်ဒရယ် သို့ ရပ်တည်ချက်ပြောင်းလဲသွားပြီဖြစ်ပါသည်။ NLD အစိုးရအနေဖြင့် အနာဂတ်နိုင်ငံတော်သစ်ကို စာရေးဆရာကျော်ဝင်း၏ပထမရည်မှန်းချက်ပါ တပ်မတော်နှင့် ဗမာအများစုနှစ်သက်သည့်ပုံစံအား ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်သည်ကို သံသယပွားစရာလိုမည်မထင်ပါ။

    ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ EAOs နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီတို့၏ အနှစ် ၇၀ နီးပါး တောင်းဆိုတိုက်ပွဲဝင်လျက်ရှိသော အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အားလုံးမျှော်လင့်တောင့်တနေကြသည့် ပြည်တွင်းငြိမ်းချမ်းရေးခရီး၏အနီးအဝေး မည်မျှရှိနေဦးမည်ကို ဆက်လက်လေ့လာသုံးသပ်ကြပါကုန်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks