spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းကြားဖြတ်ရွေးကောက်ပွဲ ၃ ရက်သာလိုသော်လည်း ချောင်းဆုံဒေသခံများစိတ်ဝင်စားမှုနည်း

    ကြားဖြတ်ရွေးကောက်ပွဲ ၃ ရက်သာလိုသော်လည်း ချောင်းဆုံဒေသခံများစိတ်ဝင်စားမှုနည်း

    -

    ဧပြီလ ၁ ရက်တွင် ကျင်းပမည့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ကြားဖြတ်ရွေးကောက်ပွဲ ၃ ရက်သာလိုသော်လည်း ဒေသခံမဲဆန္ဒရှင်များ စိတ်ဝင်စားမှု အလွန်အားနည်းနေကြောင်း ရွေးကောက်ပွဲဝင် ကိုယ်စားလှယ် လောင်းများနှင့် ကြားဖြတ်ရွေး ကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တို့က သုံးသပ်ပြောကြား ခဲ့သည်။

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းထွဋ္ဋ် က “ ဒီကြားဖြတ် မှာတော့ ဒေသခံပြည်သူတွေရဲ့ စိတ်ဝင်စားမှု တော်တော်လေးကိုအားနည်းနေတယ်။ ဘာလို့လဲဆိုတော့ မဲစာ ရင်းသွားကြည့်တဲ့ ဦးရေကလူ ၁၀ဝ မှာ ၅ ယောက်လောက်ပဲရှိတယ်။ နောက် စည်းရုံးရေးဆင်းတဲ့အခါမှာလည်း စိတ်ဝင်စားမှုနည်းတယ်” ဟု ပြောသည်။

    မွန်လူငယ်အချို့ကြားဖြတ်ရွေးကောက်ပွဲစည်းရုံးရေး(MNA)

    ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ မဲဆွယ်စည်းရုံးရေးဆင်းရာတွင် ပရိသတ် ၁၀ဝ ကျော်ရှိပြီး ယခု ကြားဖြတ်ရွေးကောက်ပွဲတွင် ပရိတ်သတ် ၂၀ မှ ၄၀ ကြားသာရှိကြောင်း ၄င်းက ပြောသည်။

    ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာရှိ ဒေသခံဦးလှထွန်းက ကြားဖြတ်ရွေးကောက်ပွဲထက် မိသားစု စားဝတ်နေ ရေးအတွက်ကိုသာ အဓိက ထားအာရုံစိုက်နေရခြင်းကြောင့် စိတ်မဝင်စားနိုင်ခြင်းဖြစ် သည်ဟုဆိုသည်။

    “မဲစာရင်းကျတော့ သွားမကြည့်ရသေးဘူး။ မဲဘယ်လိုပေးရမလဲ ဆိုတာကိုလည်း ကျွန်နော်တို့ မသိသေးဘူး” ဟု ၄င်းက ပြောသည်။

    ကြားဖြတ်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ သုတေသနစစ်တမ်းကောက်ယူရာတွင် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာဗဟုသုတအလွန်အားနည်းနေသည်ဟု ဆိုသည်။

    Asian Network For Free Elections (ANFREL) Foundation မှ နိုင်ငံတကာရွေးကောက်ပွဲစောင့် ကြည့်လေ့လာသူ မာနိုရီကလူဂမ်ပိတ္တရာ (Manori Kalugampitiya) က “ အရင်ရွေးကောက်ပွဲနဲ့ ယှဉ်ရင်တော့ ပြည်သူတွေ စိတ်ပါဝင်စားမှု တော်တော်နည်းလာတာ တွေ့ရတယ်။ ဒေသခံတွေ သွားရောက် မေးမြန်းတဲ့အခါမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ် အလောင်းတွေ ဘယ်လောက် ရှိတယ်။ဘယ်သူတွေပြိုင်မယ် ဆိုတာတောင် မသိတာများတယ်” ဟု ပြောသည်။

    ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် လစ်လပ်မဲဆန္ဒနယ်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများမှာ လက်ရှိအာဏာရပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ( NLD) မှ ဦးအေးဝင်း၊ မွန် အမျိုးသားပါတီ (MNP)မှ နိုင်စိန်မြမောင်၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ(AMDP)မှ ဦးဝင်းထွဋ် (ခ) ဦးမြဝင်း၊ ပြည်ထောင်စုကြံ့ခိ်ုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဦးအောင်ကြည်သိန်း နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည) မှ ဦးတင့်ဝေတို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

    ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်လစ်လပ်နေရာသည် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ချောင်းဆုံ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါ်ခင်ဌေးကြွယ် ရွေးချယ်ခံရပြီး ၄င်းသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအဖွဲ့ဝင် အဖြစ်တာဝန် ပေးအပ်ခြင်း ခံရသည့် အတွက် ၄င်းမဲဆန္ဒအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေခဲ့ခြင်းဖြစ်သည်။

    ဧပြီလ ၁ရက်တွင် ကျင်းပမည့် ၂၀၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၁၂၅,၈၉၅ ဦးရှိပြီး ကျေးရွာပေါင်း ၇၈ ခုတွင် မဲရုံ ၆၂ ရုံဖွင့်လှစ်ထားကြောင်း ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

    ၂၀၁၅ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ရှိသူ ၁၂၇,၂၄၉ ဦးမှ မဲပေးသူ ၅၆,၅၇၃ ဦးရှိခဲ့ကြောင်း အဆိုပါ ကော်မရှင်၏ စာရင်းများအရသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts