spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းသင်္ကြန်အမီ ရေးတောင်ပိုင်းလျှပ်စစ်မီးပေးနိုင်မည်မဟုတ်ဟု မွန်လျှပ်စစ်ဝန်ကြီးပြော

    သင်္ကြန်အမီ ရေးတောင်ပိုင်းလျှပ်စစ်မီးပေးနိုင်မည်မဟုတ်ဟု မွန်လျှပ်စစ်ဝန်ကြီးပြော

    -

    အရှေ့တောင်အထွေထွေစွမ်းအင်နှင့် လျှပ်စစ်ကုမ္ပဏီလီမိတက် (SEGEP) အကောင်အထည်ဖော်နေသည့် ရေးမြို့နယ် လျှပ်စစ်ဓါတ်မီးပေးဝေရေးလုပ်ငန်းများ အချိန်မီ မပြီးစီးသည့်အတွက် သင်္ကြန်မတိုင်မီ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးနိုင်လိမ့်မည်မဟုတ်ဟု မွန်ပြည်နယ် စွမ်းအင်နှင့်လျှပ်စစ်ဝန်ကြီး မင်းထင်အောင်ဟန်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “သင်္ကြန်အမီ ဆိုတာက မဖြစ်နိုင်တော့ဘူး။ ဘယ်လို ဖြစ်လည်းဆိုတော့ ဒီ SEGEP က လွှတ်တော်ကနေ ခွင့်မပြုဘူးဆိုပြီးတော့ သူတို့အလုပ်ကို လျှော့ပြီး လုပ်ခဲ့တာ လည်းပါတယ်။ဒါကြောင့် ကြာသွားတာ” ဟုဝန်ကြီးက ပြောသည်။

    မွန်ပြည်နယ်စွမ်းအင်နှင့်လျှပ်စစ်ဝန်ကြီး မင်းထင်အောင်ဟန်(Facebook)

    အဆိုပါကုမ္ပဏီမှ အကောင်အထည်ဖော်နေသည့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူရေးလုပ်ငန်းများ သင်္ကြန်မတိုင်မီ ရေးမြို့နယ်တောင်ပိုင်း လျှပ်စစ်ဖြန့်ဖြူးပေးမည်ဟု ကတိပြုထားသော်လည်း ကလော့၊ ချောင်းတောင်၊ ကော့လိုင်း၊ ဆင်ဂူးစသည့် ကျေးရွာ(၄)ရွာတွင် လျှပ်စစ် ဓာတ်တိုင် စိုက်ထူခြင်း လုပ်ငန်းသာ ပြီးစီးကြောင်း၊ ဇီးဖြူသောင်ရွာလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်မှုမပြီးစီးခြင်းကြောင့် သင်္ကြန်အမီ မီးရရှိရေးမှာ မဖြစ်နိုင်ကြောင်း ရေးမြို့နယ်ဒေသခံ များက မတ်လ ၂၈ ရက်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    အဆိုပါ စီမံကိန်းကို စောင့်ကြည့်နေသည့် အရပ်ဘက်အဖွဲ့အစည်းဖြစ်သော ရေးမြို့နယ်လူမှုအကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက “လျှပ်စစ်ကြိုးသွယ်တာနဲ့ မီးကြိုးတပ်တာကတော့ လုပ်နေတာတွေ့ရတယ်။ စက်ရုံတည်ဆောက်တာ မတွေ့ရသေးဘူး။ကုမ္ပဏီဘက်မှ ဒီဇယ်အင်ဂျင်နဲ့ မီးပေးလျှင် ဖြစ်နိုင်တယ်။စီမံကိန်းမှာ ပြောထားတဲ့ FO လောင်စာနဲ့ ပေးမယ်ဆိုရင်တော့ သင်္ကြန်အမီ မပြီးနိုင်ဘူး’’ ဟု ဆိုသည်။

    SEGEP ကုမ္ပဏီက လုပ်ကိုင်ဆောင်ရွက်မည့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းသည် MoU သဘောတူထားသည့်အဆင့်သာရှိသေးသည့်အတွက် စီမံကိန်းအကောင်အထည်ဖော်မှုမှာ ဥပဒေနှင့် ကိုက်ညီမှုမရှိဟုလည်း ရေးမြို့နယ် ပြည်သူ့အကျိုးတော်ဆောင်အဖွဲ့က ထောက်ပြသည်။

    ရေးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) က လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်က “အခုလွှတ်တော်မှာ အတည်ပြု လိုက်ပေမယ့် ယာယီပါပဲ ကုမ္ပဏီဘက်ကို စောင့်ကြည့်နေမယ်။သူတို့ကို ပြောထားတဲ့ ဒီဧပြီလကုန်ရင် မီးစက် စလည်ရမယ်။ မီးလင်းရမယ်။ တကယ်လို့ မဖြစ်နိုင်ရင် ကျွန်တော်တို့ ကန့်ကွက်သွားမယ်” ဟု ပြောသည်။

    အဆိုပါ လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူရေးလုပ်ငန်းသည် နေ့စဉ် ထုတ်လုပ်မှု ပမာဏ ၃၀ မဂ္ဂါဝပ်ထက် လျော့နည်းသည့်အတွက် ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်နှင့် လုပ်နိုင်သော်လည်း နှစ်ရှည်စီမံကိန်းဖြစ်သည့် အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ခွင့်ပြုချက်လျှောက်ထားရသည့် လျှပ်စစ်မီးပေးဝေရေး စီမံကိန်းတစ်ခုလည်းဖြစ်သည်။

    အဆိုပါစီမံကိန်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ရေးမြို့ရှိ (SEGEP) ကုမ္ပဏီရုံးဖွင့်ပွဲသို့ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးမင်းမင်းဦး တက်ရောက်ခဲ့ပြီးနောက် မွန်ပြည်နယ်အစိုးရခွင့်ပြုချက်ဖြင့် စတင်အကောင်အထည်ဖော်ခဲ့ရာ ယခုမတ်လအတွင်း ကျင်းပြုလုပ်ခဲ့သည့် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးက သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည့် စီမံကိန်းနှစ်ခုအနက် တစ်ခုဖြစ်သည်။

    (SEGEP) ကုမ္ပဏီမှ (၂၀၁၆) ဒီဇင်ဘာမှ (၂၀၁၇) မတ်လအကုန်အထိ ရေးမြို့နယ်တောင်ပိုင်းရှိကျေးရွာတို့တွင် လျှပ်စစ်ဓာတ်အားကို သင်္ကြန်အမီ ဖြန့်ဝေပေးရန်၊ (၂၀၁၇) ခုနှစ်အတွင်း ရေးမြို့နယ်တစ်ခုလုံးရှိ ကျေးရွာ အားလုံး လျှပ်စစ်မီးဖြန့်ဝေးသည့်လုပ်ငန်း အပြီးအသတ် လုပ်ဆောင်ရန်နှင့် (၂၀၁၈) မှစ၍ ရေအားလျှပ်စစ်ကို စတင်ဖြန့်ဝေသွားရန်၊ ရေအားလျှပ်စစ်ကို ရေးမြို့နယ် ကလော့ကျေးရွာတွင် (၉) မီဂါဝပ်နှင့် ရေးမြို့နယ် ကျောင်းရွာတွင် (၂၈) မဂ္ဂါဝပ်ထုတ်လုပ်ရန် လျာထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks