spot_img
Wednesday, February 11, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်ပြည်နယ်တွင် ရှိသင့်သည့်ရဲတပ်ဖွဲ့အင်အားထက် ၅၀% လျော့နည်း

    မွန်ပြည်နယ်တွင် ရှိသင့်သည့်ရဲတပ်ဖွဲ့အင်အားထက် ၅၀% လျော့နည်း

    -

    မွန်ပြည်နယ် ၁၀ မြို့နယ်အတွက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စ ဝန်ဆောင်မှုပေးရန် ဖွဲ့စည်းပုံအရ ရဲ တပ်ဖွဲ့အင်အား ၃၁၈၆ ဦးရှိရမည်ဖြစ်သော်လည်း လက်ရှိအချိန်တွင် ၁၆၁၂ ဦးသာရှိသဖြင့် ရှိရမည့် အင်အား၏ ၅၀ ရာခိုင်နှုန်းသာ ခန့်အပ် တာဝန်ထမ်းဆောင်နေကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှုးကြီးဝင်နိုင်ဦးက ပြောကြားသည်။

    ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်နေ့အထိ မွန်ပြည်နယ်တွင် လူဦးရေ ၂ သန်း ၁ သိန်းကျော်အထိရှိပြီး အဆိုပါ ရဲတပ် ဖွဲ့ဝင်အင်အား ၁၆၁၂ ဦးတို့ဖြင့် ၁၀ မြို့နယ်အတွင်း ပြည်နယ်ရဲတပ်ဖွဲ့မှုးရုံး ၁ ရုံး၊ ခရိုင်ရဲတပ်ဖွဲ့မှုးရုံး ၂ ရုံး၊ မြို့နယ်ရဲ တပ်ဖွဲ့မှုးရုံး ၁၀ ရုံး၊ မြို့မရဲစခန် ၁၀ ခု၊ နယ်မြေရဲစခန်း ၁၀ ခု နှင့် ရဲကင်းစခန်း ၂၈ ခုတို့ကို ဖွဲ့စည်းထားရှိကာ ဖြန့် ခွဲတာဝန်ထမ်းဆောင်လျှက်ရှိနေဟု ၄င်းကဆိုသည်။

    ၂၀၁၅ ရွေးကောက်ပွဲကာလ မွန်ပြည်နယ်အထူးရဲ(MNA)

    ဗိုလ်မှုးကြီးဝင်နိုင်ဦးက “ရဲတပ်ဖွဲ့နဲ့ ပြည်သူအချိုး ၁:၁၃၃၃ ရှိပါတယ်၊ ရဲ တပ်ဖွဲ့ဝင်တစ်ဦးက ပြည်သူ ၁၃၃၃ ဦးတို့ကို လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဝန်ဆောင်မှုပေးနေရတဲ့ သဘောဖြစ်ပါတယ်” ဟု ပြောသည်။

    ထို့အပြင် မွန်ပြည်နယ်အတွင်း အမှတ် ၁၂ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲရှိပြီး ဖွဲ့စည်းပုံအရ အင်အား ၉၅ ဦးဖြစ်သော် လည်း လက်ရှိတွင် ၆၅ ဦးသာရှိသဖြင့် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ မော်လမြိုင်၊ မုဒုံ (၅) မြို့၌သာ ဖြန့်ခွဲ တာဝန် ချထား နိုင်ကြောင်းလည်း ၄င်းက ဆက်ပြောသည်။

    မတ်လ ၂၄ ရက်နေ့ ကျင်းပသည့် ဒုတိယကြိမ် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ချောင်းဆုံမြို့နယ်၊ မဲ ဆန္ဒနယ် အမှတ် ၂ မှ ဒေါ်ကြည်ကြည်မြက မော်လမြိုင်-ချောင်းဆုံ တံတား ဖွင့်လှစ်ပြီးချိန် ချောင်းဆုံမြို့နယ် အတွင်းရှိ မြို့သူ၊ မြို့သားများ အေးချမ်းသာယာရေးအတွက် ယာဉ်ထိန်းရဲ ထပ်တိုးချထားပေးရန် အစီအစဉ်ရှိ၊ မ ရှိ မေးခွန်းမေးမြန်းခြင်းအပေါ် ယင်းကဲ့သို့ ဖြေကြားထားခြင်းဖြစ်သည်။

    မကြာမီ ကျင်းပပြုလုပ်မည့် ချောင်းဆုံမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲ လုံခြုံရေးအတွက် မဲရုံများအရေအတွက် နှင့် လက်ရှိမြို့နယ်ရဲတပ်ဖွဲ့အင်အား ၈၃ ဦးသာ ရှိနေရာ လုံလောက်မှုမရှိတဲ့အတွက် ကျန် ၉ မြို့နယ်က ရဲတပ်ဖွဲ့ ဝင်အင်အား ၇၀ ကျော် ထုတ်နှုတ်ပြီး ယာယီဖြည့်တင် ဆောင်ရွက်ပေးသွားမည်ဟုလည်း ဗိုလ်မှုးကြီး ဝင်နိုင်ဦး က ဆိုသည်။

    ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်းကျင်းပခဲ့သည့်လွှတ်တော်အစည်းအဝေးတရပ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံလူဦးရေအချိုးအစား ၁း ၁၁၉၁ ရှိကြောင်း ပြည်ထဲရေးဌာန ဒုတိယဝန်ကြီး၏ပြောကြားချက်ကို မြန်မာတိုင်းမ်းသတင်းက ရေးသားဖော်ပြခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks