spot_img
Saturday, December 20, 2025
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးဓမ္မသမြစ်ရေတင်စီမံကိန်းနစ်နာသူများအား လျော်ကြေးပေးမည်ဆိုသော်လည်း ငွေသားအရေအတွက်မသတ်မှတ်ရသေး

    ဓမ္မသမြစ်ရေတင်စီမံကိန်းနစ်နာသူများအား လျော်ကြေးပေးမည်ဆိုသော်လည်း ငွေသားအရေအတွက်မသတ်မှတ်ရသေး

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာအနီးတွင်ရှိ ဓမ္မသမြစ်ရေတင်စီမံကိန်းရေတင်မြောင်းအတွင်း ပါဝင်သည့် လယ်ယာမြေ ဧက ၂၀ဝ ဝန်းကျင်အနက် ၆၃.၃၉ ဧကအား နစ်နာလျော်ကြေးငွေ ပေးသွားမည်ဖြစ်သော်လည်း ငွေသားအရေအတွက် မသတ်မှတ်ရသေးကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(ကျိုက်မရောမြို့နယ်) ဦးခင်ဇော်ဦး က မွန်သတင်းအေဂျင်စီသို့ ပြောကြားသည်။

    အဆိုပါ နစ်နာသည့် လယ်ယာမြေများအား လက်ရှိတွင် လယ်ယာမြေနှင့် အခြားမြေပေးဆပ်ခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီစစ်ဆေးချက်ဖြင့် မြို့နယ်အဆင့်တွင် တင်ပြပြီးပြီးဖြစ်ကြောင်း၊ ပြည်နယ်အဆင့်၊ ပြည်ထောင်စုသို့ တင်ပြပြီးမှသာလျှင် တစ်ဧက နှုန်းလျော်ကြေးပေးမည်ကို သိရှိနိုင်မည်ဖြစ်ကြောင်း နှင့် အဆိုပါ လျော်ကြေးငွေအား လာမည့်၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ရရှိနိုင်မည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    ဓမ္မသလျှပ်စစ် မြစ်ရေတင်စီမံကိန်း(MNA)

    ဦးခင်ဇော်ဦး က “ဓမ္မမြစ်ရေတင်စီမံကိန်းမှာ အမှန်တကယ်နစ်နာတာက လယ်ယာမြေ ဧက ၂၀ဝ ဝန်းကျင် လောက်ရှိတယ်ဗျ၊ တစ်ချို့ကလည်း အဲဒီနေရာတွေကို အသုံးမပြုဘဲ ပစ်ထားတာကြာပြီ၊ တစ်ချို့ကလည်း သူတို့မြေပိုင်ဆိုင်မှန်း မသိတဲ့သူတွေလည်းရှိတယ်၊ ကျနော်ရဲ့တွေ့ရှိချက်နဲ့ ဌာနကစာရင်းကောက်တာ တကယ်နစ်နာတာက ၄၈ ဦးရှိပြီးတော့ လယ်ဧက ၆၃.၃၉ ဧကပဲရှိတယ်၊ ကျွန်တော်တို့ ခဏခဏမြေပြင် ဆင်းပါတယ်၊ ဒေသခံတွေကနေပြီးတော့ ထပ်တင်တာမရှိပါဘူး၊ ထပ်မတင်တဲ့အခါကျတော့ ကျနော်တင်ထားတဲ့အတိုင်းပဲပေးမှာပေါ့” ဟု ပြောသည်။

    စီမံကိန်းဧရိယာအတွင်းပါဝင်သွားသည့်လယ်ဧကများအား လျော်ကြေးပေးရန် ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့က ကျိုက်မရောမြို့နယ်အမျိုးသားလွှတ်တော် ဦးခင်ဇော်ဦးက လယ်ယာမြေဦးစီးဌာန၊ နစ်နာသူလယ်သမားများနှင့် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

    ဓမ္မသကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်ငွေသောင်း က “ဒီတခါဆိုရင်လျော်ကြေးပေးမယ်လို့ သူတို့ပြောထားတယ်၊ ဒါပေမယ့် ပိုက်ဆံကဘယ်နေ့ ရလဲသေချာမသိသေးဘူး၊ တောင်သူတွေကိုလျော်ကြေးပေးဖို့ လွှတ်တော်မှာ အမိန့်ပေးခဲ့ပြီးပြီးသူတို့ အဲဒီလို ပြောလိုက်တယ် သူတို့ ၃ ခါဆင်းခဲ့ပြီးပြီး ဒီတခါဆိုရင် ပိုက်ဆံနှင့်တကွ ယူလာပြီး လျော်ကြေးမယ်လို့ပြောတယ် ဒါပေမယ့် လျော်ကြေး ဘယ်လောက်ရလဲ ဆိုတာ သေချာ မသိသေးဘူး” ဟုပြောသည်။

    အဆိုပါ မြစ်ရေတင်စီမံကိန်းတွင် ဓမ္မသရွာသားများအပြင် အနီးအနားကျေးရွာမှ လယ်ယာမြေများလည်း နစ်နာမှုရှိခဲ့သည်ဟု သိရသည်။

    ကော့ပလိုင်ကျေးရွာအုပ်ချုပ်ရေးမှူး နိုင်ဝင်းသိန်း က “တောင်သူ ၄၈ ဦးကို လျာ်ကြေးအရင်ပေးသွားမယ်၊ ကျန်တဲ့လူတွေကိုမသိသေးဘူး အခုကော့ပလိုင်ရွာရော ကော့မိတ်ရွာကလူတွေလည်း မရတာရှိနေတယ်၊ ကျန်တဲ့သူ တွေကို သူတို့လက်ခံမယ်ဆိုရင် ကျနော်တို့စာရင်းဆက်လက်ကောက်သွားမယ် လက်မခံဘူးဆိုရင် ကိုယ့်နည်းလမ်းနဲ့ကိုပဲသွားမယ်” ဟုပြောသည်။

    အဆိုပါစီမံကိန်းသည် လက်ရှိတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသော်လည်း နွေစပါးစိုက်ပျိုးရန် ရေမရရှိသေးကြောင်း လယ်သမားများ ပြောပြချက်အရ သိရသည်။

    ဓမ္မသလျှပ်စစ် မြစ်ရေတင်စီမံကိန်းရေတင်မြောင်းသည် လယ်သမားများအား နွေစပါးစိုက်ပျိုးရန်ရည်ရွယ်၍ လွန်ခဲ့သည့် ၂၀ဝ၃ ခုနှစ်ကတည်းက စီမံကိန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ဓမ္မသကျေးရွာ၊ ကော့ပလိုင် ကျေးရွာ၊ ကော့မိတ်ကျေးရွာ၊ ကော့ဘိန်းကျေးရွာကိုဖြတ်ပြီး စီမံကိန်းအတွက် လယ်မြေဧက ၅၀ဝ၀ ကျော်အသုံးပြုသွားရန် လျာထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts