Friday, March 13, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးကျိုက္ခမီတွင် သိမ်းဆည်းထားသည့် လယ်ယာမြေများ နစ်နာသူတို့ ပြန်လည်ရရှိရန် လိုလား

    ကျိုက္ခမီတွင် သိမ်းဆည်းထားသည့် လယ်ယာမြေများ နစ်နာသူတို့ ပြန်လည်ရရှိရန် လိုလား

    -

    မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့တွင် မြို့ပြစီမံကိန်းလုပ်ရန်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ သိမ်းဆည်းထားသည့် လယ်ယာမြေများအား နစ်နာသူ တောင်သူ ၅ ဦးတို့က ပြန်လည်ရရှိရန် လိုလားလျက်ရှိကြကြောင်း မတ်လ ၉ ရက်နေ့က ပြောကြားခဲ့ကြသည်။

    ၁၉၉၂ ခုနှစ်က ရပ်ကွက်ကျေးရွာငြိမ်ဝပ်ပိပြားရေးအဖွဲ့ဥက္ကဌ ဦးသိန်းဟံဦးဆောင်သော ရဝတ အဖွဲ့မှ နိုင်ငံ တော်မြို့ပြစီမံကိန်းလုပ်ရန်အကြောင်းပြပြီး ကျိုက္ခမီမြို့ ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်ရှိ သီရိမြိုင်လမ်း၊ ရှုမဝလမ်း၊ မာလာလမ်း၊ မွန်စုလမ်း၊ အနောက်တန်းလမ်းတို့ရှိ ဒေါ်နီပါ ၅ ဦးတို့ပိုင် စုစုပေါင်းလယ်မြေ ၄၄ ဧကကျော် သိမ်းဆည်း အကွက်ရိုက်ရောင်းချခဲ့ပြီး နစ်နာသူတို့က အဆိုပါ လယ်ယာမြေ ပြန်လည်ရရှိရန် မတ် ၉ ရက်က မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ်ကွန်ရက်ရုံးတွင် သတင်းစာရှင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

    နစ်နာသူများ၏သတင်းစာရှင်းလင်းပွဲ(MNA)

    “လယ်ယာမြေတွေကို သိမ်းတုန်းက လျော်ကြေးလည်းမပေးခဲ့ဘူး၊ မြေကွက်လည်း မရခဲ့ဘူး၊ စီမံကိန်းလုပ်မယ်ဆိုတဲ့ဟာလည်း ခုထိ မဖြစ်ဘူး၊ အခု ကျမတို့ နစ်နာသူတွေ သိမ်းဆည်းခံရတဲ့မြေတွေအတွက် အကျိုးခံစားခွင့်ရရှိဖို့နဲ့ ကျန်တဲ့မြေကွက်လွတ်တွေ ပြန်လည်ရရှိဖို့ပါ” ဟု လယ်ယာမြေ ၁၀ ဧကကျော် သိမ်းဆည်းခံထားရသည့် ဒေါ်နီက ပြောသည်။

    သိမ်းယူထားသော လယ်ယာမြေများကို ဥက္ကဌ ဦးသိန်းဟံမှ ပေ (၄၀)xပေ(၆၀)အကွက်ဖော်ကာ တစ် ကွက်လျှင် ၂၀ဝ၀ ကျပ်မှ ၃၀ဝ၀ဝ ကျပ်အထိ တန်ဖိုးများ သတ်မှတ်၍ အိမ်ဖယ်ရှားခံရသော ပြည်သူများအား မဲစနစ်ဖြင့် ရောင်းချပေးခဲ့ကာ ကျန်ရှိသည့် မြေကွက်များကို အခြားသူများအား ထပ်မံရောင်းချခဲ့သည်ဟု လယ်ယာမြေသိမ်းဆည်းခံရသူတို့က ပြောသည်။

    “အသိမ်းခံရတဲ့ မြေတွေက ခုချိန်ထိ မူလပိုင်ရှင်အမည်ပေါက်နဲ့ လယ်ယာမြေဆိုပြီး ပြေစာထွက်နေတာပါ၊ ဒီမြေတွေကို ကျနော်တို့ပြန်လိုချင်တယ်၊ ပြီးတော့ နစ်နာကြေးလည်း ပြန်လိုချင်တယ်”ဟု လယ်ယာမြေ ၈ ဧကကျော် အသိမ်းဆည်းခံထားရသည့် ဦးကျော်ကျော်ဦးက ပြောသည်။

    အဆိုပါ သိမ်းဆည်းခံရသည့်မြေပေါ်တွင် နေအိမ်အဆောက်အဦး အခိုင်အမာဆောက်လုပ်ထားသော်လည်း လယ်ယာမြေအား အခြားနည်းသုံးစွဲခွင့်လျှောက်ထားခြင်းမရှိဘဲ ယနေ့ချိန်ထိ မူလပိုင်ရှင်အမည်ပေါက်ဖြင့် ပြေစာထွက်နေဆဲဖြစ်သည်။

    “ဒီမြေသိမ်းဆည်းမှုဖြစ်စဉ်ကိုလေ့လာကြည့်တဲ့အခါမှာ ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း တရားဝင်သိမ်းယူခဲ့ တာမရှိဘူး၊ တရားဝင်မြေလျော်ကြေး၊ သီးနှံလျော်ကြေးတွေပေးထားတာ မတွေ့ရဘူး၊ ဒေသခံတွေနစ်နာတယ် ဆိုတာ ဥပဒေအရပေါ်လွင်တယ်”ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးဖိုးဖြူက ပြောသည်။

    နစ်နာသူ ဒေါ်နီ အပါအဝင် ၅ ဦးတို့သည် လယ်ယာမြေသိမ်းဆည်းခံရခြင်းအတွက် အကျိုးခံစားခွင့်ရရှိရေးနှင့် ကျန်မြေကွက်လွတ်များအား ပြန်လည်ရရှိရေး ဆောင်ရွက်ပေး၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးထံ တင်ပြထားသည်။

    ဝန်ကြီးအနေဖြင့် အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ခရိုင်နှင့် ပြည်နယ် လယ်ယာမြေစိစစ်ရေးကော်မတီ၏ လေ့လာထားချက်များကို အစည်းအဝေးဆုံးဖြတ်ချက်များဖြင့် သုံးသပ်သွားမည်ဟု ပြောကြားထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks