Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးသတင်းမီဒီယာများအား တစ်ပတ်တစ်ကြိမ်ပုံမှန်တွေ့ဆုံမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်သစ်ပြော

သတင်းမီဒီယာများအား တစ်ပတ်တစ်ကြိမ်ပုံမှန်တွေ့ဆုံမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်သစ်ပြော

-

မွန်ပြည်နယ်ဝန်ကြီးချုပ်သစ် ဒေါက်တာအေးဇံသည် ပြည်နယ်အစိုးရအဖွဲ့ လုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်ပြီး သတင်းမီဒီယာများအား တစ်ပတ်တစ်ကြိမ်ပုံမှန်တွေ့ဆုံရှင်းလင်းသွားမည်ဟု မတ်လ ၇ ရက်နေ့က ပြောကြားလိုက်သည်။

သတင်းမီဒီယာနှင့် တွေ့ဆုံမှုကို အပတ်စဉ် ကြာသပတေး သို့မဟုတ် သောကြာနေ့ညနေပိုင်းတွင် တွေ့ဆုံသွားရန် စီစဉ်သတ်မှတ်ထားသည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် သတင်းထောက်များ(Internet)

“မီဒီယာတွေကို တစ်ပတ်တစ်ခါ တွေ့မယ်၊ သတ်မှတ်ထားတာက ကြာသပတေးမဟုတ်ရင် သောကြာနေ့ညနေ ဒါပေမယ့် ခရီးသွားစရာရှိရင်တော့ နောက်တစ်ပတ်ပေါ့” ဟု ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

ပြည်နယ်အစိုးရအဖွဲ့ ပြုလုပ်သည့် အစည်းအဝေးများနှင့် ပတ်သက်ပြီး သတင်းမီဒီယာများအား တက်ရောက်ခွင့်ပြုပေးသွားမည့်အစည်းအဝေးရှိသလို တက်ရောက်ခွင့်မပြုသည့် အစည်းအဝေးလည်းရှိမည်ဖြစ်ကြောင်း သို့သော်လည်း အစိုးရအဖွဲ့ ကျင်းပပြုလုပ်သည့်ပွဲတိုင်းနှင့် ပတ်သက်ပြီး တစ်ပတ်တစ်ခါ ရှင်းလင်းသွားမည်ဟု ၄င်းက ဆက်ပြောသည်။

“အများနဲ့ သက်ဆိုင်တဲ့ပွဲမျိုးဆိုရင်တော့ မီဒီယာတွေကို တက်ရောက်ခွင့်ပေးသင့်တယ်၊ ဒါမှလည်း လူထုတွေရဲ့ တင်ပြချက်တွေ သိရမှာ၊ အစိုးရအဖွဲ့အစည်းအဝေးဆိုရင် တမျိုးပေါ့၊ အခုက အများနဲ့သက်ဆိုင်တဲ့ပွဲတွေလည်း မီဒီယာတွေကို ပေးမဝင်ဘူး၊ တစ်ပတ်တစ်ပတ်ခေါ်ရှင်းတာတော့ ဟုတ်တာပေါ့ ဒါပေမယ့် အစိုးရဘက်က ပြောတဲ့ဟာဘဲ ကြားရမှာ” ဟု မွန်ပြည်နယ် မီဒီယာဥက္ကဌ ဦးစီးနားက ပြောသည်။

သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းက သတ်မှတ်ထားသော စည်းကမ်းနှင့်အညီ အစိုးရရုံး၊ ဌာန၊ အဖွဲ့အစည်းများတွင် သတင်းအချက်အလက် ရယူခွင့်၊ နေရာထိုင်ခင်းရခွင့်နှင့် ဝင်ထွက်သွားလာခွင့်တို့ရှိသည်ဟု သတင်းမီဒီယာ ဥပဒေ အခန်း(၃) ပုဒ်မ ၄ (ဃ) တွင် ဖော်ပြထားသည်။

ယခင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး မီဒီယာများနှင့်တစ်လတစ်ကြိမ်တွေ့ဆုံမည့်ပြောကြားချက်အပေါ် ဝေဖန်မှုများရှိခဲ့ပြီး အစိုးရဌာနများ သတင်းရယူခွင့်ကန့်သတ်ချက်များလည်း ရှိခဲ့သည်ဟု သိရသည်။

ယခင်မွန်ဝန်ကြီးချုပ်ဦးမင်းမင်းဦးကို နိုင်ငံတော်သမ္မတက မိမိသဘောအလျောက်နုတ်ထွက်ခွင့်ပြုခဲ့ပြီး ဒေါက်တာအေးဇံအား မတ်လ ၁ ရက်နေ့တွင် ဝန်ကြီးချုပ်အသစ်ပြန်လည်ခန့်အပ်၍ မွန်ပြည်နယ်လွှတ်တော်၌ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts