မတ်လ (၅) ရက်နေ့ မော်လမြိုင်မြို့ ဓာတုမာလာကျောင်းတွင် ကျင်းပသည့် “မွန်တို့တည်ထား မွန်ဘုရား နှလုံးသားကျိုက်ဒဂုံ” စာတမ်းဖတ်ပွဲတွင် စာတမ်းရှင် (၄) ဦး တက်ရောက်ဖတ်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါစာတမ်းဖတ်ပွဲတွင် ဗိုလ်တစ်ထောင်ဆရာတော် ဘဒ္ဒန္တကေသရက “ကြည်ညိုလွန်းသည့် ရွှေတိဂုံစေတီ” ခေါင်းစဉ်ကိုလည်းကောင်း၊ မွန်သမိုင်းသုတေသနအဖွဲ့မှ နိုင်မောင်တိုးက “ ရွှေတိဂုံ ကျောက်စာ၊ ဓမ္မစေတီမင်း” နှင့် နိုင်ရဲဇော်၊ မိလေးမွန်တို့က “မွန်တို့တည်ထား မွန်ဘုရား နှလုံးသားကျိုက်ဒဂုံ” ခေါင်းစဉ်တို့ကိုလည်းကောင်း ဖတ်ကြားခဲ့သည်။

“မွန်တွေရယ်၊ ဗုဒ္ဓဘာသာရယ်၊ ရွှေတိဂုံဘုရားရယ်၊ ဒီဟာရဲ့ ဆက်စပ်မှုက နှစ်ကြာလာတဲ့ အခါကြတော့ ပြုပြင်ပြောင်းလဲတာ ခံရတာလည်း ရှိသလို၊ ပြောင်းလဲပြီးတော့ ထိုးနှက်တိုက်ခိုက်လာတာလည်း ရှိခဲ့တယ်၊ ဒါကြောင့် ဒီသမိုင်းကို ပြန်ပြီး ခိုင်မာလာအောင် အစတည်ကြိုးစားတဲ့အနေနဲ့ ဒီစာတမ်းဖတ်ပွဲကို ကျင်းပတာဖြစ်ပါတယ်” ဟု စာတမ်းဖတ်ပွဲဖြစ်မြောက်ရေးတာဝန်ခံနှင့် စာတမ်းရှင် နိုင်ရဲဇော်က ပြောသည်။
၄င်းစာတမ်းအတွက်ရွှေတိဂုံရှိ ဘုရားတည်သည့်အနေအထား၊ ကျောက်စာ အစရှိသည်တို့ကိုသာ သွားရောက်လေ့လာပြီး ကျမ်းကိုစာအုပ် (၆၀) ကျော်တို့မှ ကောက်နုတ်ကာ စာတမ်းကို ပြုစုခဲ့ကြောင်း နိုင်ရဲဇော်က ဆက်ပြောသည်။
“ဆရာကတော့ ရွှေတိဂုံဘုရား ဖြစ်လာပုံ၊ ဘုရင်အဆက်ဆက် ပြုပြင်လာပုံ၊ ဥပမာ မွန်ဘုရင် ရာဇာဓိရာဇ်ဖခင် ဗညားဦးက ရွှေတိဂုံဘုရားကို အတောင် (၄၀) စတည်ခဲ့ပြီး ဆရာတို့မွန်ဘုရင်မ ရှင်စောပုလက်ထက်မှ အခုဖူးမြင်နေရတဲ့အတိုင်း အကျယ်ရော အရှည်ရောကို ပြန်လည်တည်ထားခဲ့တယ်၊ နောက် မြတ်စွာဘုရား ဓာတ်တော်ကို ရရှိလာတဲ့ ညီနောင်နှစ်ပါးက မွန်လူမျိုးဖြစ်ကြောင်းကိုလည်း ထောက်ပြနိုင်ခဲ့တယ်” ဟု စာတမ်းရှင် နိုင်မောင်တိုးက ပြောသည်။
ရွှေတိဂုံဘုရားတွင် တည်ရှိနေသော မွန်ကျောက်စာ၌ တဖုဿနှင့် ဘလ္လိက ညီနောင်နှစ်ပါး၏ နာမည်သည် ပါဠိအဘိဓာန်တွင် မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းမရှိသော်လည်း မွန်၌ (တပူ၊တဗဝ်) ဟူသည့်နာမည် ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြထားပြီး ၄င်း “တ” နာမသည် မွန်အမည်နာမ ဖြစ်ကြောင်း နိုင်မောင်တိုးက ထောက်ပြပြောဆိုခဲ့သည်။
၄င်းစာတမ်းဖတ်ပွဲ၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး အပါအဝင် မွန်လူငယ်များ၊ မွန်အမျိုးသမီးအဖွဲ့များ၊ မွန်ရဟန်းသံဃာတော်များ၊ စိတ်ပါဝင်စားသူများ အားလုံး (၂၀ဝ) နီးပါး တက်ရောက်ခဲ့ကြောင်း သိရသည်။
Erected and built by Mon, Kyaik Da Gon, real Mon’s heart, we’re keeping up. It is obliged by any Mon to maintain our history and culture to stand lively for ever so far .