Wednesday, May 13, 2026
More
    spot_img
    Homeသတင်းUNFC အဆိုပြုချက် ၉ ချက်အား ငြိမ်းချမ်းရေးကော်မရှင် မူအားဖြင့်သဘောတူကြောင်းသတင်းထုတ်ပြန်

    UNFC အဆိုပြုချက် ၉ ချက်အား ငြိမ်းချမ်းရေးကော်မရှင် မူအားဖြင့်သဘောတူကြောင်းသတင်းထုတ်ပြန်

    -

    ငြိမ်းချမ်းရေးကော်မရှင် PC နှင့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့၏ စတုတ္ထအကြိမ်အစည်းအဝေးတွင် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် အဖွဲ့အစည်းများ၏ အဆိုပြုချက် (၉) ချက်အပေါ် မူအားဖြင့် သဘောတူညီခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

    ရန်ကုန်မြို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တွင် ငြိမ်းချမ်းရေးကော်မရှင် PC နှင့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့၏ စတုတ္ထအကြိမ်အစည်းအဝေးကို နံနက် ၁၀ နာရီအချိန်တွင်ကျင်းပခြင်း ဖြစ်သည်။

    ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN စတုတ္ထအကြိမ်အစည်းအဝေး(Hla Maung Shwe FB)

    UNFC -အဆိုပြုချက် အမှတ်(၃) ပါ“နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအဆင့်ဆင့်တွင် အားလုံးပါဝင်ရေးမူကိုအခြေခံ၍ အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တပ်မတော်တို့၏ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနှင့် တရားဝင်နိုင်ငံရေးပါတီ ကိုယ်စားလှယ်များပါဝင်စေပြီး တိုင်းရင်းသားကိုယ်စားလှယ်များနှင့် အခြားပါဝင်သင့်ပါဝင်ထိုက်သော ကိုယ်စားလှယ်များကို ၄င်းတို့နှင့် စပ်ဆိုင်သော ကဏ္ဍများတွင်သာ ပါဝင်စေရန်” အချက်ကို နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးတွင် ဆက်လက်ညှိနှိုင်းဆောင်ရွက်မည် ဟု ဆိုသည်။

    ထို့အတူ UNFC အဆိုပြုချက် အမှတ် (၅) ပါ “နှစ်ဘက်လိုက်နာရမည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ တပ်ပိုင်းဆိုင်ရာကျင့်ဝတ် (CoC) နှင့် စောင့်ကြည့်ရေးလုပ်ငန်းလမ်းညွန် (ToR)တို့ကို ကြိုတင်သဘောတူညီမှု ရယူရန်” အချက်ကို ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အလုပ်အဖွဲ့တွင်လည်းကောင်း ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားရန် ဖြစ်သည်။

    ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်သင့်ပါဝင်ထိုက်သည့် အဖွဲ့အစည်းများ ပါဝင်နိုင်ရေး နှစ်ဘက်ကြိုးပမ်း ဆောင်ရွက်သွားရန်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံ အစည်းအဝေးသို့ ပါဝင် တက်ရောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပါကြောင်း ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) နှင့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation) စတုတ္ထအကြိမ်အစည်းအဝေး သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    သို့ရာတွင် UNFC အဓိကတောင်းဆိုထားသည့် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း ကြေညာရန်နှင့် နိုင်ငံတကာအသိသက်သေများပါဝင်ရေးကိစ္စတို့ကို ရှင်းလင်းဖော်ပြထားခြင်း မရှိပေ။

    အဆိုပါ အစည်းအဝေးတွင် ငြိမ်းချမ်းရေးကော်မရှင် PC ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းနှင့် ကိုယ်စားလှယ် ၁၀ ဦး၊
    DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်နှင့် အဖွဲ့ဝင် ၄ ဦးနှင့် နှစ်ဖက် နည်းပညာ အထောက်အကူ အဖွဲ့ဝင်များ ရုံးအဖွဲ့ဝင်များ တက်ရောက်ကြောင်း ဆွေးနွေးပွဲတက်ရောက်သူ ဦးလှမောင်ရွှေ၏ လူမှုကွန်ယက် Facebook ၌ ရေးသားဖော်ပြထားသည်။

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် DPN အဖွဲ့တို့ ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ရာတွင် အဆိုပါ UNFC အဆိုပြုချက် ၉ ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,800SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks