Homeသတင်းဘတ်ဂျက်မရှိသဖြင့် ဒေသအဆင့် JMC-L မဖွဲ့စည်းနိုင်

ဘတ်ဂျက်မရှိသဖြင့် ဒေသအဆင့် JMC-L မဖွဲ့စည်းနိုင်

-

ဘတ်ဂျတ် မရရှိသေးသဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ရှိရာဒေသများတွင် ဒေသအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ လေ့လာစောင့်ကြည့်ရေးကော်မတီ (JMC-L ) မဖွဲ့စည်းနိုင်သေးကြောင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်မှု ကော်မတီ(JMC) အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောသည်။

“နောက်တစ်ခုကတော့ တစ်နေရာနဲ့တစ်နေရာ ပူးတွဲနယ်လှယ့်စောင့်ကြည့်ရေး Monitoring လုပ်ဖို့ အစီအစဉ်ရေးဆွဲထားပြီးပြီ၊ ဒါပေမယ့် ဘတ်ဂျက်မရှိတော့ မလုပ်နိုင်သေးဘူး” ဟု၎င်းက ပြောသည်။

JCB အစည်းအဝေး ဒေါက်တာမင်းဇော်ဦး တင်ပြစဉ်(Min Zaw Oo Facebook)

NCA စာချုပ်အရ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ၊(JMC-U)၊ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ(JMC-S)နှင့် ဒေသအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMU-L)တို့ကို ဆက်လက်ဖွဲ့စည်းရမည် ဖြစ်သည်။

“ကျနော်တို့ဘတ်ဂျက်က မငြိမ်သေးဘူးဆိုတော့ အရေအတွက်ဘယ်လောက်လဲဆိုတာ လောလောဆယ် ပြောဖို့ခက်ပါတယ်၊ JCB အစည်းအဝေးက သတ်မှတ်လိုက်ပြီးမှ ကျနော်တို့သိနိုင်မယ်” ဟု ဒေါက်တာ မင်းဇော်ဦးကဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရံပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ JCB အစည်းအဝေးကို ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပလျက်ရှိရာ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်အပါအဝင် ငြိမ်းချမ်းရေးကော်မရှင်၊ NCA လက်မှတ်ရေးထိုးပြီးသည့်တိုင်းရင်းသားလက်နက်ကိုင်အဖ္မွဲ့ဝင်များနှင့် ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တို့ တက်ရောက်လျက်ရှိပြီး အဆိုပါ အစည်းအဝေးတွင် JMC လုပ်ငန်းများအတွက်ဘတ်ဂျက်ငွေ အဆိုပြုထားသည်ဟု ၎င်းကဆက်ပြောသည်။

လက်ရှိတွင် ဒေသဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီကို ကရင်၊ မွန်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီ၊ ပဲခူးတိုင်းဒေသကြီး ၅ နေရာသာဖွဲ့စည်းနိုင်ခဲ့ပြီး NCA လက်မှတ်ရေးထိုးပြီးသည့် ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ ALP နှင့် ချင်းအမျိုးသားတပ်ဦး CNF အခြေစိုက်ရာ ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် မဖွဲ့စည်းနိုင်သေးပေ။

ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲလေ့လာစောင့်ကြည့်ရေးကော်မတီ JMC-Karen State ဒုဥက္ကဌ(၂) နန်းစေးအွာက “မြိုင်ကြီးငူကနေ စစ်ဘေးရှောင်တွေလာနေပြီ။ ပြဿနာစဖြစ်နေပြီလို့ ကြားလိုက်တာနဲ့ ဒီကနေပြီးတော့ သွားလိုက်တယ်။ ကျွန်မတို့ JMC အနေနဲ့ အရပ်သားကိုယ်စားလှယ်တွေနဲ့ သွားလိုက်တယ်၊ အခက်အခဲက ဘတ်ဂျက်ငွေမရှိတာပဲ” ဟု ဆိုသည်။

ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲလေ့လာစောင့်ကြည့်ရေးကော်မတီ အနေဖြင့် မြိုင်ကြီးငူဒေသတွင် နှစ်ကြိမ်၊ မိုင်းကန်မြို့နယ်တွင် တစ်ကြိမ် ကွင်းဆင်းစစ်ဆေးမှုများ လုပ်ဆောင်ပြီး ဖြစ်သည်။

၂၀၁၇ ခုနစ်အတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၅မီလျံကို JCB သို့ တင်ပြထားကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts