spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းနားထောင်သူအဖြစ် ၂၁ ရာစုပင်လုံကို မွန်ပြည်သစ်တက်ရောက်လိမ့်မည်မဟုတ်

    နားထောင်သူအဖြစ် ၂၁ ရာစုပင်လုံကို မွန်ပြည်သစ်တက်ရောက်လိမ့်မည်မဟုတ်

    -

    ဆက်လက်ကျင်းပမည့် ၂၁ ရာစုပင်ပင်လုံ(ဒုတိယအစည်းအဝေး)သို့ တက်ရောက်နားထောင်သူအဖြစ် မွန်ပြည်သစ်ပါတီ တက်ရောက်လိမ့်မည်မဟုတ်ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျင်းပသည့် အကြိမ် ၇၀ မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပအပြီး မွန်ပြည်သစ်ပါတီဥက္ကဌနိုင်ထောမွန်က သတင်းထောက်များအား ပြောကြားလိုက်သည်။

    ထိုင်းမြန်မာနယ်စပ်ရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်ဧရိယာ ဂျပန်ရေတွင်းကျေးရွာ၌ မွန်ပြည်သစ်ပါတီဗဟိုဌာချုပ်၏ အကြိမ် ၇၀ မြောက် မွန်အမျိုးသားနေ့အခမ်းအနား ကျင်းပအပြီး သတင်းထောက်များအား ပြောကြားခြင်းဖြစ်သည်။

    မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်(အလယ်လူ)(BNA)
    “ဘာမှတင်ပြပြောဆိုခွင့်မရှိဘူးဆိုရင် ၂၁ ပင်လုံညီလာခံကိုမတက်ပါဘူး၊ နားထောင်ယုံသက်သက်ဆို ကျနော်တို့ မတက်ပါဘူး” ဟု နိုင်ထောမွန်က ပြောသည်။

    ၂၁ ရာစုပင်လုံ(ဒုတိယအစည်းအဝေး)ကို လာမည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင်ကျင်းပရန် ရည်ရွယ်ထားပြီး တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းများအား အထူးဧည့်သည်တော်များအဖြစ် ဖိတ်ကြားရန် မြန်မာအစိုးရ ငြိမ်းချမ်းရေးကော်မရှင် စီစဉ်နေသည်ကို ရည်ညွှန်းပြောကြားသည်ဟု သိရသည်။

    “UNFC တောင်းဆိုတဲ့ အချက် ၉ ချက်ကိုလက်ခံရင် ကျနော်တို့ NCA လက်မှတ်ရေးထိုးမယ်၊ UNFC တပ်ပေါင်းစုမူအတိုင်း ရပ်တည်နေတယ်” ဟု ဆိုသည်။

    UNFC တောင်းဆိုသည့်အချက် ၉ ချက်ကိုအနှစ်ချုပ်မည်ဆိုပါက တစ်နိုင်ငံလုံးအပစ်ရပ်စဲကြောင်း ကြေညာရန်၊ NCA တွင် နိုင်ငံတကာအသိသက်သေများပါဝင်ရေးနှင့် နိုင်ငံရေးပြဿနာများအား ၃ ပွင့်ဆိုင်ဖြေရှင်းရေးတို့ဖြစ်ကြောင်း သူကဆက်ပြောသည်။

    တဖက်တွင်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ယုံကြည်မှုရှိရှိ၊ သတ္တိရှိရှိဖြင့် NCA လက်မှတ်ရေးထိုးပြီး ၂၁ ရာစု ပင်လုံ ညီလာခံသို့ပါဝင်ကြရန် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့၊ ပင်လုံကျောက်တိုင်ကွင်းတွင် ကျင်းပသည့် နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့အခမ်းအနား ဖေဖော်ဝါရီ ၁၂ ရက်နေ့၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံလိုက်သည်။

    “ကျမအနေနဲ့ အထူးပဲ ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်မထိုးရသေးတဲ့ ကျမတို့ရဲ့တိုင်းရင်းသားအစု အဖွဲ့တွေကို အထူးပဲမေတ္တာရပ်ခံချင်ပါတယ်၊ သတ္တိရှိရှိနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်စွာနဲ့ လက်မှတ်ထိုးလိုက်ပါ၊ ကျမတို့ရဲ့၂၁ ရာစုပင်လုံထဲမှာ ပါဝင်လိုက်ကြပါ၊ ကျမတို့ ပြည်သူ၊ ပြည်သားအားလုံး ဟာ ဒီပါဝင်မှုကြောင့် ဘယ်လောက်နှလုံးစိတ်ဝမ်းအေးချမ်းကြမယ်၊ ဘယ်လောက်ကျေးဇူးတင်ကြမလဲ၊ ဘယ်လောက်ပိတိဖြစ်ကြ မလဲဆိုတာ စဉ်းစားကြပါ”ဟု ဆိုသည်။

    မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင် ၂၁ ဖွဲ့အနက် ၈ ဖွဲ့သာ NCA လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး မွန်ပြည်သစ်ပါတီအပါအဝင် ကျန်ရှိသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA လက်မှတ်မရေးထိုးနိုင်သေးပေ။

    အင်္ဂလိပ်ပြက္ခဒိန်အရ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နှစ် ၇၀ ပြည့်ပြည်တောင်စုနေ့နှင့် မွန်ပြက္ခဒိန်အရ တပို့တွဲ့လပြည့်ကျော် ၁ ရက်နေ့ အကြိမ် ၇၀ မြောက် မွန်အမျိုးသားနေ့တို့ ၂၀၁၇ ခုနှစ်တွင် တစ်ရက်တည်းထပ်တူနေခြင်းဖြစ်သဖြင့် မြို့ရွာများတွင် အခမ်းအနားများကျင်းပခြင်း ဖြစ်သည်။

    မွန်ပြည်သစ်ပါတီဗဟို အမျိုးသားနေ့အခမ်းအနားသို့ ဘုရားသုံးဆူဒေသရှိ မွန်အမျိုးသမီးအဖွဲ့၊ မွန်ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများ၊ မွန်ရပ်မိရပ်ဖများ၊ မွန်ရဲဘော်ဟောင်းများအသင်းနှင့် ဒေသခံစုစုပေါင်း တစ်ထောင်ကျော်တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

    “လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းဖြစ်တဲ့ကျနော်တို့ အခမ်းအနားတွေမှာအမြဲတမ်း လက်နက်နဲ့စစ်ရေးပြအခမ်းအနားကျင်းပတဲ့အစဉ်အလာရှိပါတယ်၊ ဒီနှစ်မှာ အစိုးရတပ်မတော်က လက်နက်နဲ့ စစ်ရေးပြအခမ်းအနားမလုပ်ဖို့ပြောလာတယ်၊ ဒါကြောင့် စစ်ရေးပြအခမ်းအနားအတွက် အင်အားအချို့ကို လုံခြုံရေးအရ ထုတ်နုတ်လိုက်တယ်၊ လက်ရှိအခြေအနေမှာက ထူးခြားမှုမရှိပါဘူး” ဟု ဘုရားသုံးသူဒေသအခြေစိုက် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အမှတ် ၅ တပ်ရင်းမှူး ဒုတိယဗိုလ်မှူကြီး အမ်စိုက်ချမ်းက ပြောသည်။

    အဆိုပါ မွန်အမျိုးသားနေ့အခမ်းအနားအား မွန်ပြည်သစ်ပါတီ NMSP (ဗဟို) အနေဖြင့် ဘုရားသုံးဆူမြို့နယ်ခွဲ၊ ဂျပန်ရေတွင်းကျေးရွာ ခန့်မှန်းမြေပုံအညွှန်း(အမ်အက်စ်-၃၇၅၈၈၂)ရှိ ဘောလုံးကွင်း၌ “လက်နက်ဖြင့်စစ်ရေးပြအခမ်းအနား” ထည့်သွင်းကျင်းပခြင်းမပြုလုပ်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက သတိပေးအကြောင်းကြားစာပေးပို့ခဲ့ကြောင်း သိရသည်။

    အလားတူ အကြိမ် ၇၀ မြောက် မွန်အမျိုးသားနေ့အခမ်းအနားများအား မွန်ပြည်နယ်တွင်းရှိ မြို့ပြ၊ ကျေးရွာများသာမက ကရင်ပြည်နယ်၊ ပဲခူးနှင့် ရန်ကုန်မြို့တို့တွင်လည်း စည်ကမ်းသိုက်မြိုက်စွာကျင်းပလျက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts