ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ(ဒုတိယအစည်းအဝေး) ကို ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျင်းပ သွားလျာထားပြီး ကိုယ်စားလှယ်ဦးရေအား နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပါ အတိုင်း သတ်မှတ်သွားရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
၉ ကြိမ်မြောက် UPDJC အစည်းအဝေးကို ဖေဖော်ဝါရီ ၆ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပခဲ့ပြီး ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ဆွေးနွေးမှုများ ပြုလုပ်ကာ ထိုသို့ သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံညီလာခံကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ကျင်းပဖို့ UPDJC အစည်းအဝေးက သဘောတူညီမှု ရခဲ့တယ်။ပြီးတော့ တက်ရောက်မယ့် ကိုယ်စားလှယ်ကိုလည်း နိုင်ငံရေး ဆွေးနွေးမှု မူဘောင်မှာပါတဲ့အတိုင်း လူ ၇၀ဝ နဲ့ကျင်းပသွားဖို့လည်း သဘောတူညီခဲ့တယ်”ဟု သမ္မတရုံးဝန်ကြီး ဌာန ဒုတိယညွန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။
လက်ရှိတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် NCA လက်မှတ်မထိုးရသေး သော ကျန်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဒုတိယအကြိမ် ၂၁ ပင်လုံညီလာခံတက်ရောက်နိုင်ရေး မည်သို့ ဆောင်ရွက် သွားမည်ကို သဘောတူညီမှု ချမှတ်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
လက်မှတ်မထိုးရသေးသည့် UNFC ကလည်း ၎င်းတို့အား လေ့လာသူအဖြစ်သာ တက်ရောက်ခွင့်ပြုမည်ဆိုပါ က ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်သွားမည်မဟုတ်ပဲ အားလုံးတန်းတူညီမျှ ဆွေးနွေးခွင့်ရရှိလို ကြောင်း ထုတ်ပြန် ပြောကြားထားသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး UPDJC က လက်မှတ်မထိုးရသေးသည့် အဖွဲ့များ ညီလာခံသို့ တက်ရောက်လာနိုင် ရေးအတွက် လေ့လာသူအနေဖြင့် ဖိတ်ကြားသွားရန်မရှိသကဲ့သို့ အထူးဧည့်သည်အနေဖြင့်လည်း ဖိတ်ကြား သွားရန် မရှိကြောင်း သို့သော် ပါဝင်လာနိုင်ရေး ညီလာခံမကျင်းပမီ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု ကိုယ်စားလှယ်တချို့က ဆိုသည်။
၂၁ ရာစုပင်လုံ ပထမအကြိမ်ညီလာခံကို ၂၀၁၆ ခုနှစ်၊ သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ကျင်းပခဲ့ပြီး ဒုတိယညီလာခံကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်မှ ၇ ရက်ကြာ ကျင်းပရန် လျာထားကြောင်း သိရသည်။