spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းပေါင်မြို့နယ်နွေစပါးဧကတစ်သောင်းကျော် ရေမလုံလောက်မည်ကို လယ်သမားများစိုးရိမ်

    ပေါင်မြို့နယ်နွေစပါးဧကတစ်သောင်းကျော် ရေမလုံလောက်မည်ကို လယ်သမားများစိုးရိမ်

    -

    မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကတိုက်ဆည် ရေပေးဝေမှု စီမံကိန်းဧရိယာအတွင်းရှိ နွေစပါး ဧကတစ်သောင်း ကျော်အတွက် ရေလုံလောက်စွာ မရရှိမည်ကို ဒေသခံ နွေးစပါးစိုက် လယ်သမားများ စိုးရိမ်နေကြကြောင်း သိရသည်။

    ကတိုက်ဆည်ရေပေးဝေမှုဧရိယာအတွင်း ကျေးရွာ ၅ ရွာမှ နွေးစပါးဧကနှစ်သောင်းကျော်ရှိသော်လည်း ယခုအခါ ကတိုက်ဆည်ရေပေးဝေနိုင်မှုပမာဏသည် နွေးစပါးဧကတစ်သောင်းအတွက်သာ ရေပေးဝေနိုင်တော့သည့်အနေအထားကြောင့် လယ်သမားများ စိုးရိမ်နေကြခြင်းဖြစ်သည်။

    ကတိုက်ဆည်(Facebook)

    “ဆည်ရေကို အဝေးထိ လွှတ်ပေးလို့ မြေနိမ့်ပိုင်းတွေမှာ နွေးစပါး စိုက်ဧကတွေ တိုးလာတယ်၊ ကျနော်တို့က အရင်စိုက်တဲ့ နေရာပဲ ရေပေးစေချင်တယ်၊ ဒီလို မပေးသင့်တဲ့ နေရာကို ရေတွေပေးနေလို့ ကျနော်တို့အတွက် ရေလုံလောက်မှုမရှိတော့တဲ့အနေအထားမှာ ဖြစ်နေပါတယ်” ဟု ဖြူဘကျေးရွာမှ လယ်သမားများ ဦးသန်းထွန်းက ပြောသည်။

    ယခုနှစ်တွင် ဆည်ဧရိယာဘေးပတ်ဝန်းကျင်က ကျေးရွာ ၆ ရွာခန့်မှ နွေးစပါး ဧက ၁၀ဝ၀ဝ ခန့် တိုးချဲ့ စိုက်ပျိုးလာသည့်အတွက် ဆည်မှ ရေများ ဆည်ဧရိယာပြင်ပထိ ရေပေးဝေလာရခြင်းဖြစ်သည်ဟု ဦးသန်းထွန်းက ဆိုသည်။

    လယ်သမားများအနေဖြင့် လက်ရှိ ဆည်ရေပေးဝေနိုင်မှုပမာဏ ဧကတစ်သောင်းထက် မြေပြင်အမှန်စိုက် ဧက သုံးသောင်းခန့် ရေဖြန့်ဝေနေမှုကို အချိန်မီ ထိမ်းချုပ်ပေးရန် ဇန်နဝါရီ ၃၁ ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြတောင်းဆိုထားသည်ဟု နွေစပါး ၁၁ ဧက စိုက်ပျိုးထားသည့် ရင်းငြိမ်တောင်ရွာမှ ကိုသက်စိုးက ပြောသည်။

    ယခုနှစ်တွင် ဆည်ဧရိယာအတွင်းတွင် နွေစပါးဧကနှစ်သောင်းကျော် စိုက်ပျိုးထားကြပြီး ဆည်ဧရိယာဘေးပတ်ဝန်းကျင်တွင် နွေစပါး စိုက်ဧကတစ်သောင်းခန့် တိုးလာသည်ဟုလည်း လယ်သမားတို့က ပြောသည်။

    သို့သော်လည်း မွန်ပြည်နယ် ပို့ဆောင်ဆက်သွယ်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူးရေးဝန်ကြီး ဦးထွန်းဌေးက ယခုနှစ်တွင် နွေစပါး ဧကလေးထောင် ခန့်သာ တိုးလာသည်ဟု ဆိုသည်။

    ၄င်းက “ဒီနှစ် စိုက်ပျိုးဧက ၄၀ဝ၀ ပဲ တိုးလာတယ်၊ အရင်စိုက်တဲ့ လယ်သမားတွေက တိုးလာတဲ့ လယ်ဧကတွေကို ရေပေးတော့ မကျေနပ်လို့ ရေတံခါးပိတ်ပေးဖို့ ဒီလိုဖြစ်နေတာ၊ ကျနော့်ကို ဒီကိစ္စ လာတင်ပြတာပဲရှိတယ်၊ ဆည်မြောင်း ပြည်နယ်ဦးစီးမှူးကိုတော့ ချက်ချင် စိစစ်ပေးဖို့ ကျနော် ပြောထားပါတယ်၊ ကျနော်တို့ကတော့ ပြည်သူ့အများကို ကြည့်ရတယ်”

    လက်ရှိ ဆည်တွင်ကျန်သည့်ရေပမာဏဖြင့် မြေပြင်စိုက်ဧကသုံးသောင်းကျော်အား ရေဖြန့်ဝေပါက အောင်ရေရရှိရေးအတွက် လယ်သမားများ စိုးရိမ်နေကြသည့်အနေအထားဖြစ်ပြီး အောင်ရေမရပါက လယ်သမားများအတွက် ကြီးမားသည့် ဆုံးရှုံးမှုဖြစ်ပေါ်မည်ဟု လယ်သမားတို့က ပြောသည်။

    ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့က မော်လမြိုင်မြို့ရှိ၊ မြန်မာနိုင်ငံတောင်ပိုင်း ဂျာနယ်လစ်ရုံးတွင် သတင်းဌာနများနှင့် တွေ့ဆုံ၍ ကတိုက်ဆည် ရေသောက်ဧရိယာရှိကျေးရွာ ၅ ရွာမှလယ်သမားကိုယ်စားလှယ်များ ရေလုံလောက်စွာရရှိရေး သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts