spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်စာဆိုတော်နေ့ ကျင်းပမည်

    မွန်စာဆိုတော်နေ့ ကျင်းပမည်

    -

    မွန်စာပေကလောင်သမားများစုစည်း၍ အသင်းတစ်ခုဖွဲ့စည်းရန်နှင့် မွန်စာဆိုတော်နေ့အခမ်းအနားတရပ်ကို ဇန်နဝါရီလ ၃၀ (တပို့တွဲ့လဆန်း ၃ ) ရက်နေ့တွင် ကမာဝက်မြို့၊ ဓါတ်တော်ကျောင်း၌ ကျင်းပမည်ဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

    အခမ်းအနားဖြစ်မြောက်ရေးကော်မတီအတွင်းရေးမှူး နိုင်ဝဏ္ဏက “ပြည်တွင်းပြည်ပကလောင်ရှင်တွေ၊ စာပေ၊ မဂ္ဂဇင်း၊ ဂျာနယ်ထုတ်ဝေသူတွေအပါအဝင် အလွှာပေါင်းစုံက မွန်စာပေသမားတွေတက်ရောက်ဖို့ ကျနော်တို့ဘိတ်ကြားထားပြီးဖြစ်ပါတယ်၊ အခမ်းအနားက ၂ ပိုင်းရှိတယ်၊ မနက်ပိုင်းမှာ မွန်ကလောင်အသင်းလိုဟာမျိုးဖွဲ့စည်းဖို့ အစည်းအဝေးတစ်ခုလုပ်မယ်၊ မွန်းလွဲပိုင်းမှာ စာဆိုတော်နေ့အခမ်းအနား ကျင်းပမှာပါ” ဟု ပြောသည်။

    မွန်စာဆိုတော်နေ့ ဘိတ်ကြားစာ(Copy)
    အခမ်းအနားသို့တက်ရောက်ရန် မွန်စာပေသမားများနှင့် နယ်ပယ်အသီးသီးမှထုတ်ဝေသူများအပါအဝင် စုစုပေါင်း ၃၀ဝ ဦးနီးပါးခန့် ဘိတ်ကြားထားသည်ဟု ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

    “စာပေသမား ဆရာတော်ကြီးတွေကနေ မွန်စာဆိုတော်နေ့ဖြစ်မြောက်ဖို့ ကြိုးစားလာတာကြာပါပြီ၊ အခြေအနေတွေက မပေးခဲ့ပါဘူး၊ ခုလိုကာလမှာ လုပ်သင့်လုပ်ထိုက်ပြီလို့ ယူဆတဲ့အတွက် ဆရာတော်ကြီး(အသျှင်ပါလိတ)ကလည်း ခေါ်တော့ ဖြစ်မြောက်ရေးကော်မတီဖွဲ့ပြီး လှုပ်ရှားကြတာပါ” ဟု ဆိုသည်။

    လွန်ခဲ့သည့်နှစ်ပေါင်း ၂၅၀ ကာလခန့်က ဝေါဆရာတော်ရေးသားပြုစုခဲ့သည့်ကျမ်းဂန် ၁၀ဝ ကျော်အနက် လောကသိဒ္ဓိကျမ်းပြုစုပြီးစီးသည့် ကောဇာသက္ကရာ် ၁၁၀၂ ခုနှစ် တပို့တွဲလဆန်း ၃ ရက်ကိုအကြောင်းပြု၍ ဆရာတော်ကြီးများက မွန်စာဆိုတော်နေ့အား ယခင်ကတည်းမှသတ်မှတ်ထားပြီးဖြစ်သည်ဟု သူကပြောသည်။

    ဖြစ်မြောက်ရေးကော်မတီဥက္ကဌ မွန်စာရေးဆရာ နိုင်အောင်ဂျနဲ့က “မွန်စာဆိုတော်နေ့ကို ဆရာတော်ကြီးတွေက မော်လမြိုင်သင်္ဘောလဲစာသင်တိုက်မှာ ၁၉၇၄ ခုနှစ်ကတည်းက သတ်မှတ်ခဲ့ပြီးဖြစ်ပါတယ်၊ အဲဒီကတည်းက ၃ နှစ်လောက်ပဲလှုပ်ရှားနိုင်ခဲ့တယ်၊ အခုဒီတာဝန်က ကျနော်တို့ပုခုန်းပေါ် တာဝန်ကျရောက်လာပါပြီ၊ နောက်တစ်ခု မွန်စာပေကလောင်ရှင်အသင်းဆိုတာမျိုးက ကျနော်တို့လူမျိုးမှာရှိသင့်တယ်လို့လည်းယူဆပါတယ်”ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ထို့အပြင် အခမ်းအနားသို့ မွန်စာပေကလောင်ရှင်များအားလုံးတက်ရောက်ကြပါရန်တိုက်တွန်းလိုကြောင်း၊ မိမိတို့အမြင်များကို ပွင့်လင်းစွာတင်ပြပေးစေလိုကြောင်း၊ ခိုင်မာသော မွန်စာပေကလောင်ရှင်အသင်းဖွဲ့စည်းနိုင်ရေးအတွက် တိုက်တွန်းကြောင်း သူကဆက်ပြောသည်။

    ဖြစ်မြောက်ရေးကော်မတီ၏အဓိကရည်ရွယ်ချက် ၃ ရပ်တွင် မွန်စာဆိုတော်နေ့အတည်ပြုရေး၊ မွန်စာဆိုရှင်များအား ဂုဏ်ပြုရေး၊ မွန်စာပေကလောင်ရှင်များအသင်း ဖွဲ့စည်းရေးဖြစ်ကြောင်း ဘိတ်ကြားစာအရ သိရသည်။

    မွန်ဘာသာဖြင့်ထုတ်ဝေခဲ့သော ဂျာနယ်/မဂ္ဂဇင်းများအနက် ၁၉၇၄ ခုနှစ်ဝန်းကျင်ခန့် မွန်ပြည်နယ်သတ်မှတ်ပေးခဲ့သော မဆလပါတီဦးနေဝင်းအစိုးရလက်ထက် “ဂတာပ်ခေတ်” ခေတ်သစ်အမည်ရှိမဂ္ဂဇင်းတွင် “အနှစ်သာရမရှိသည့် မွန်ပြည်နယ်” ဝေဖန်ရေးဆောင်းပါးများနှင့် မွန်စာပေကလောင်ရှင်များ၏အထူးခြားဆုံး လက်ရာများကို တွေ့ရှိခဲ့ရပြီး ထုတ်ဝေသူနှင့်ကလောင်ရှင် ဘဒ္ဒန္တပါလိတ(လက်ရှိဓါတ်တော်ကျောင်းဆရာတော်-ကမာဝက်မြို့)၊ သင်္ဘောလဲဆရာတော် ဘဒ္ဒန္တသိင်္ခ(ပျံလွန်တော်မူ)နှင့် အခြားမွန်ဆရာတော်တစ်ပါး ပုံနှိပ်ဥပဒေဖြင့် ထောင်သွင်းအကျဉ်းကျခံရသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks