Home သတင်း ကရင်အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲအတွက် ငွေကျပ်သိန်း ၉၀ဝ ကျော် အသုံးပြုရန် လျာထား

ကရင်အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲအတွက် ငွေကျပ်သိန်း ၉၀ဝ ကျော် အသုံးပြုရန် လျာထား

ကရင်အမျိုးသားအကြိုညီလာခံ-၂၀၁၅(KIC)

ကရင်ပြည်နယ်တွင် ကျင်းပမည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ကျပ်သိန်း (၉၀ဝ) ကျော် အသုံးပြုသွားရန် လျာထားကြောင်း ကရင်အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်ရေးကော်မတီမှ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက ပြောသည်။

ကရင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၁၈-၁၉-၂၀) ရက်နေ့များတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ သီရိဘားအံဟိုတယ်၌ တက်ရောက်သူဦးရေ (၅၀ဝ) ခန့်ဖြင့် ကျင်းပသွားမည်ဖြစ်သည်။

ကရင်အမျိုးသားအကြိုညီလာခံ-၂၀၁၅(KIC)
ဦးမင်းတင်ဝင်းက “အသုံးစရိတ်က သိန်း(၉၀ဝ) ကျော်လို့ လျာထားတယ်၊ ဘတ်ဂျတ်ကိုကျတော့ ငြိမ်းချမ်းရေးကောင်စီကနေပေးလာမယ့် ဘတ်ဂျတ်ရှိတယ်လို့ ကြားထားတယ်၊ သူတို့လည်း ပြောထားတယ် ပေးမယ်၊ နောက် NLD ပါတီက လှူဒါန်းရံပုံငွေလည်းရှိမယ်၊ မလောက်သလောက်ကိုတော့ ပြည်နယ်ဘတ်ဂျက် သုံးမယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ဆွေးနွေးပွဲတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သဘာဝသယံဇာတ စသည့်အကြောင်းအရာများကို အသေးစိတ်ဆွေးနွေးသွားမည်ဟု ၄င်းက ဆက်ပြောသည်။

“ဒီလိုပွဲက တိုင်းရင်းသားလူမျိုးအားလုံးအထဲမှာ ကရင်က ပထမဆုံးလုပ်ရတဲ့ပွဲဖြစ်တယ်၊ ဒီဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးကို တကယ်လိုလားနေတဲ့အဖွဲ့အားလုံးက တတ်ရောက်တယ်၊ ပြီးတော့ ကိုယ့်လူမျိုးကလည်း ဒီငြိမ်းချမ်းရေးကိစ္စမှာ တစ်စိတ်တစ်ဒေသ ပါဝင်နေတယ်ဆိုတော့ ကရင်လူမျိုးအတွက် တော်တော်လေးကို အလားလာကောင်းမယ်လို ယုံကြည်ပါတယ်” ဟု ကရင်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ကရင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းသန်းသန်းလွင်က ပြောသည်။

ဆွေးနွေးပွဲတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ကျန်းမာရေးခေါင်းဆောင်များ၊ ဘာသာရေးဆိုင်ရာခေါင်း ဆောင်များ၊ NCA လက်မှတ်ထိုးထားသည့် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ကရင်နိုင်ငံရေးပါတီများ၊ NLD ပါတီတွင် ရှိသော ကရင်လူမျိုး (၃) ဦး၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် ရှိသော ကရင်လူမျိုး (၃) ဦး၊ တတ်ရောက်ဆွေးနွေးကြမည်ဖြစ်သည်ဟု ဆွေးနွေးပွဲကြီးကြပ်ရေးကော်မတီမှ သိရသည်။

ထို့အပြင် ဆွေးနွေးပွဲတွင် ကရင်ပြည်နယ်တွင် နေထိုင်သည့် မွန်တိုင်းရင်းသားနှင့် ပအိုဝ်းတိုင်းရင်းသား (၅) ဦးစီနှင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီ၊ ကော်သူးလေနယ်မြေနှင့် အထက်မြန်မာပြည် မြန်မာနိုင်ငံဒေသ (၉) ခုတွင် နေထိုင်သော ကရင်လူမျိုးကိုယ်စားလှယ်များလည်း တက်ရောက်ခွင့် ရရှိကြမည်ဖြစ်သည်။

နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ပါ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဝါဒများ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်များနှင့်အညီ ဒေသကို အခြေခံသည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တနင်္သာရီတိုင်းဒေသကြီးတွင် လည်းကောင်း၊ အကြောင်းအရာကို အခြေခံသည့် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ (CSO Forum) ကို နေပြည်တော်ကောင်စီနယ်မြေတွင် လည်းကောင်း ကျင်းပရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.