spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့တွင် ရာမညဒေသ သုတေသနစာတမ်းဖတ်ပွဲ ကျင်းပမည်

    မော်လမြိုင်မြို့တွင် ရာမညဒေသ သုတေသနစာတမ်းဖတ်ပွဲ ကျင်းပမည်

    -

    မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (မော်လမြိုင်) မှ ဦးဆောင်၍ ရာမညဒေသ သုတေသနစာတမ်းဖတ်ပွဲ တစ်ရပ်ကို လာမည့်ဇန်နဝါရီလ ၁၅ ရက်နေ့တွင် မော်လမြိုင်မြို့ပေါ်ရှိ ရာမညဟိုတယ်၌ ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း စာတမ်းဖတ်ပွဲဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

    စာပေအထောက်အထားတွင် ရှိနေသော ရာမညဒေသကို ယခုလက်ရှိ အထောက်အထားများဖြင့် သက်သေခိုင် လုံစွာ ဖော်ပြနိုင်ရန်အတွက် ယခုကဲ့သို့ စာတမ်းဖတ်ပွဲကို ကျင်းပရခြင်းဖြစ်သည်ဟု ဇန်နဝါရီလ ၅ ရက်နေ့က ရာမညဟိုတယ်၌ ပြလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် စာတမ်းကော်မတီနှင့် ပံ့ပိုးကူညီသည့်အဖွဲ့မှ ဒေါက်တာမင်းနွယ်စိုးက ပြောသည်။

    သုတေသနစာတမ်းဖတ်ပွဲအတွက် သတင်းစာရှင်းလင်းပွဲ(MNA)
    “ဒီစာတမ်းဖတ်ပွဲကနေ သမိုင်းမှာ ခိုင်လုံတဲ့ အထောက်အထားတွေ ပိုရလာမယ်၊ ပြီးတော့ အမျိုးမျိုးပြောနေ ကြတဲ့ လူတွေကို ပြန်တုန့်ပြန်ဖို့မဟုတ်ဘဲနဲ့ ဒီစာတမ်းဖတ်ပွဲကနေပြီးတော့ အမှန်တရားရသွားလိမ့်မယ်ဆိုတဲ့ အကျိုးကျေးဇူးတွေ ရလာမယ်လို့ မျှော်လင့်ပါတယ်” ဟု ဒေါက်တာမင်းနွယ်စိုးက ပြောသည်။

    အဆိုပါစာတမ်းဖတ်ပွဲတွင် သမိုင်းပညာရှင်များဖြစ်ကြသည့် နိုင်မောင်တိုးက မွန်ကျောက်စာအထောက်အထားများမှ သုဝဏ္ဏဘူမိစာတမ်း၊ ဦးစံဝင်းက သထုံမြို့ဟောင်းနှင့် သမိုင်းအမြင်၊ ဦးအောင်ကျော်ထွန်းက ပုသိမ်၊ မြောင်းမြ၊ အင်္ဂပူနှင့် ပြည်ဒေသတို့၏ ဘူမိဗေဒနှင့် ဒေါက်တာနန်းလှိုင်မှ အောက်မြန်မာနိုင်ငံတွင်တွေ့ရှိရသော ရှေးဟောင်းမွန်တို့၏ ဂဝံယဉ်ကျေးမှု စသောစာတမ်းများကို ဖတ်ကြားသွားမည်ဖြစ်သည်။

    ထို့အပြင် ဒေါက်တာကြင်စွမ်(ပထဝီဌာန ပါမောက္ခ-အငြိမ်းစား)၊ ဒေါ်မိဇေ့ဟန်၊ ဒေါက်တာမျိုးမင်း (ကထိက)၊ နန်းကြည်ကြည်ခိုင်၊ ဒေါက်တာမင်းမောင်မောင် (တွဲဖက်ပါမောက္ခ)၊ ဒေါက်တာတိုးလှ စသော ပညာရှင်များမှလည်း အထောက်အထား စုံလင်စွာဖြင့် ရာမညဒေသနှင့်ပက်သက်သော စာတမ်း ၁၁ စောင်ကို ပါဝင်ဖတ်ကြားတင်ပြသွားရန် စီစဉ်ထားသည်ဟု သိရသည်။

    “အတိုက်အခံတွေကတော့ သူတို့ပြောမှာပဲလေ အနော်ရထာဘုရင် မတိုင်ခင်လက်ထက်က မွန်တွေမရှိဘူးဆိုတာကိုပေါ့၊ ကျွန်တော်ကတော့ မွန်တွေရှိခဲ့တယ်ဆိုတဲ့အကြောင်းကို ကျောက်စာ အထောက်အထား စာပေအထောက်အထားနဲ့ စာတမ်းကို ဖတ်ကြားသွားမှာပါ” ဟု ဝင်ရောက်ဖတ်ကြားမည့်သူတစ်ဦးဖြစ်သူ နိုင်မောင်တိုးက ပြောသည်။

    ရာမညဒေသဟုခေါ်သော အောက်မြန်မာပြည်တွင် မွန်လူမျိုးတို့ အခြေချနေထိုင်လာခဲ့သည်မှာ ပညာရှင်များ၏ အဆိုအရ နှစ်ပေါင်း ၄၀ဝ၀ (လေးထောင်) ခန့်နှင့် သမိုင်းအထောက်အထားအရ နှစ်ပေါင်း ၂၅၀ဝ ခန့်ရှိပြီး ယင်းဒေသတွင် နေထိုင်ခဲ့ကြသော မွန်လူမျိုးများ၏ ယဉ်ကျေးမှုထုံးတမ်းဓလေ့ကများက ယခုထက်တိုင်ရှိနေ သေးကြောင်းကို ဒေါက်တာမင်းနွယ်စိုးက ပြောသည်။

    ရှေးဟောင်းသုတေသနမှဦးစီး၍ အလားတူ စာတမ်းဖတ်ပွဲများကို ရွှေမြင့်မိုရ်ထွန်း ဟိုတယ်၊ ကွန်ပျူတာတက္ကသိုလ် နှင့် မော်လမြိုင်မြို့ရှိ ပိုင်ခေတ်ခန်းမတို့နှင့် သထုံမြို့တို့တွင် ကျင်းပခဲ့သော်လည်း ယခုအကြိမ်တွင် မွန်ဒေသတွင်တွေ့ရှိရသော ဂဝံကျောက် ယဉ်ကျေးမှုအကြောင်းကိုပါ ထည့်သွင်းဖတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts