spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းကြားဖြတ်ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းတင်သွင်းမှု အမည်စာရင်းကြေငြာ

    ကြားဖြတ်ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းတင်သွင်းမှု အမည်စာရင်းကြေငြာ

    -

    လာမည့်၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ်လောင်းတင်သွင်းမှုအခြေအနေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့(ဇန်နဝါရီ ၂ ရက်နေ့) တွင် ထုတ်ပြန်လိုက်သည်ကို တွေ့ရှိရသည်။

    ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ၇ နေရာ စုစုပေါင်းမဲဆန္ဒနယ်မြေ ၁၉ နေရာအတွက် နိုင်ငံရေးပါတီ ၂၄ ပါတီနှင့် တသီးပုဂ္ဂလများအပါအဝင် ကိုယ်စားလှယ်လောင်း ၉၅ ဦးအမည်စာရင်းတင်သွင်းထားပြီး ဖြစ်သည်။

    မွန်ပြည်နယ်ကြားဖြတ်ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း(Copy)
    မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်လစ်လပ်မဲဆန္ဒနယ်တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဦးဝင်းထွဋ္ဋ် (ခ) ဦးမြဝင်း၊ မွန်အမျိုးသားပါတီမှ နိုင်စိန်မြမောင် (ခ) နိုင်မြမောင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးအောင်ကြည်သိန်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဦးအေးဝင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီမှ ဦးတင့်ဝေတို့က ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

    မော်လမြိုင်ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးအရာရှိ ဦးထင်ကျော် က “ ဒီကနေ့ပဲ ကိုယ်စားလှယ်လောင်း ၅ ဦးရဲ့ အမည်စာရင်းကို ကြေငြာလိုက်ပြီးလေ၊ ချောင်းဆုံမြို့နယ်က ရပ်/ ကျေးကော်မရှင်တွေ ပေးပြီးတော့ သူ တို့ပဲကပ်ပေးမှာပေါ့” ဟုပြောသည်။

    ကိုယ်စားလှယ်လောင်း အမည်စာရင်းကြေငြာပြီးပါက မဲဆန္ဒရှင်ဦးရေစာရင်းကို ဖော်ဝါရီလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေငြာသွားမည်ဖြစ်ကြောင်း၊ ဇန်နဝါရီ ၃၀ မှ မတ်လ ၃၀ ရက်နေ့အထိ မဲဆွယ်စည်းရုံးရေး ကာလအဖြစ် ရွေးကောက်ပွဲလုပ်ငန်းစဉ်အရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    ချောင်းဆုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဌ ဦးထွန်းရီက “ကိုယ်စားလှယ်လောင်း အမည်စာရင်းကို မနေ့ကတည်းက ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ပေးပို့ထားပါတယ်၊ ဒီကနေ့ ကိုယ်စားလှယ်လောင်း အမည်စာရင်း ကပ်ထားကြေငြာလား၊ မကြေငြာလားတော့ မသိဘူး” ဟုပြောသည်။

    ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် NLD ပါတီမှ ဒေါ်ခင်ဌေးကြွယ် ရွေးချယ်ခံရပြီးနောက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးအဖွဲ့ဝင် တာဝန်ထမ်းဆောင်ရသဖြင့် အဆိုပါမဲဆန္ဒနယ်မြေတွင် ကိုယ်စားလှယ်လောင်းလစ်လပ်နေခြင်း ဖြစ်သည်။

    အလားတူ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဧပြီ ၂ ရက်နေ့၌ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း မွန်ပြည်နယ်အတွင်း မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော်တစ်နေရာလစ်လပ်ခဲ့ရာ NLD ပါတီမှ ဒေါ်ခင်ဌေးကြွယ် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

    ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၄၀ နေရာ၊ အမျိုးသားလွှတ်တော် ၆ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၂ နေရာလစ်လပ်ခဲ့ရာ NLD ပါတီကိုယ်စားလှယ်လောင်းအများစု ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts