Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်စည်ပင်သာယာရေး ဥပဒေမူကြမ်းအား အရပ်ဘက်လူမှုအဖွဲ့အစည်းများသုံးသပ်ခဲ့

မွန်စည်ပင်သာယာရေး ဥပဒေမူကြမ်းအား အရပ်ဘက်လူမှုအဖွဲ့အစည်းများသုံးသပ်ခဲ့

-

မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေမူကြမ်းအား မွန်ပြည်သူလူထုများအတွက် အကျိုးပြုစေမည့် ဥပဒေတစ်ရပ် ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းများ စုပေါင်းပြီး ဒီဇင်ဘာ ၁၅ ရက်နေ့က မော်လမြိုင်မြို့ရှိ မြန်မာနိုင်ငံဆရာဝန်များအသင်းခန်းမ၌ တွေ့ဆုံဆွေးနွေး၍ သုံးသပ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဥပဒေမူကြမ်းအား ထည့်သွင်းရေးဆွဲထားသည့် အချက်တစ်ချို့တွင်ပြည်သူလူထု အမြင်ပါဝင်မှု အားနည်းနေခြင်း၊ မူကြမ်းတွင် ဆုံးဖြတ်နိုင်စွမ်းရှိသည့်လူတွင် စည်ပင်ကော်မတီတစ်ခုတည်းသာ ဖြစ်နေခြင်း တက်ရောက်လာသည့် လူမှုအဖွဲ့အစည်းများမှ အချက်ပေါင်း ၅၀ ကျော် အကြံပြုသုံးသပ်ထားကြောင်း သိရသည်။

စည်ပင်သာယာရေး ဥပဒေမူကြမ်းအား အရပ်ဘက်လူမှုအဖွဲ့အစည်းများသုံးသပ်ပွဲ(MNA)
စည်ပင်သာယာရေး ဥပဒေမူကြမ်းအား အရပ်ဘက်လူမှုအဖွဲ့အစည်းများသုံးသပ်ပွဲ(MNA)
ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှ ဦးမင်းဝင်းဗိုလ်က “ ဒီစည်ပင်သာယာရေး ဥပဒေမူကြမ်းကို ဘာလို့ပြန်ပြီးသုံးသပ်ရ လဲဆိုတော့ မွန်ပြည်နယ်မှာရှိတဲ့ လူအားလုံးနဲ့ဆိုင်တယ်၊ လွှတ်တော်ကပဲပြင်ပြီးတော့ လုပ်ထားတဲ့ဥပဒေဟာ အားလုံးအတွက် သင့်တော်ချင်မှ သင့်တော်မယ်၊ ဒါကြောင့် ကျနော်တို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ စုပြီးတော့ ဥပဒေမူကြမ်းကို ပြန်ပြီးသုံးသပ်တယ်၊ တစ်ချို့ဟာကို ဖြည့်စွက်မယ်၊ ပြင်ဆင်မယ်” ဟုပြောသည်။

မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းများအနေဖြင့် ယခုအကြံပြု သုံးသပ်ထားသည့် ဥပဒေမူကြမ်းအား ဦးဆောင်ဆွေးနွေးရန် ကိုယ်စားလှယ် ၇ ဦး ရွေးချယ်ထားပြီး လာမည့် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ၄င်းမူကြမ်းဥပဒေအား လွှတ်တော်သို့ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငြိမ်းဖောင်ဒေးရှင်းအဖွဲ့မှ ဦးအောင်သန်းဦးက “ ဒီစည်ပင်ဥပဒေမူကြမ်းမှာ ပြည်သူတွေလိုက်နာရမယ့် အပိုင်းတွေတော့ ပါဝင်ပါတယ်၊ စည်ပင်အနေနဲ့ ပြည်သူတွေအတွက် ဘာတွေလုပ်ပေးရမလဲဆိုတာ ဖော်ပြချက်က အားနည်းနေတယ်” ဟုပြောသည်။

လာမည့် ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် မွန်ပြည်နယ်စည်ပင်သာယာရေးလုပ်ငန်းဆောင်ရွက်မှု ဆိုင်ရာသတင်း အချက်အလက်များမျှဝေမည့် မွန်ပြည်နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများနှင့် အရပ်ဖက်လူမှုရေး အဖွဲ့အစည်းများ တွေ့ဆုံပွဲအား မော်လမြိုင်မြို့၊ မြို့နယ်စည်ပင်သာရေးရုံး ခန်းမတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေမူကြမ်းအား လွှတ်တော်မှ ပြန်လည်ပြင်ဆင်ရေးဆွဲရာတွင် မြို့နယ်အဆင့် ကော်မတီများ လုပ်ငန်းဖော်ဆောင်မှု အားကောင်းစေရန်အတွက် ပြည်နယ်အဆင့်ကော်မတီကို ဖျက်သိမ်းထားကြောင်း ပြီးခဲ့သည့် နိုဝင်ဘာ (၂၁) ရက်နေ့က ပြည်နယ်လွှတ်တော်မှ မွန်လူမှုအဖွဲ့အစည်းများကို အသိ ပေးခဲ့သည်။

မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေကို ၂၀၁၂ ခုနှစ် ပထမကြိမ် မွန်ပြည်နယ်လွှတ်တော်မှ အတည်ပြုပြဌာန်း ခဲ့ပြီး ယင်းဥပဒေကို ၂၀၁၃ တွင်တစ်ကြိမ်၊ ၂၀၁၅ တွင်တစ်ကြိမ် ပြန်လည်ဖြည့်စွက်ရေးဆွဲအတည်ပြုခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts