spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းယမ်းကို စနစ်တကျအသုံးပြုရန် မွန်ကျောက်မိုင်းလုပ်ငန်းများအား နယ်/လုံဝန်ကြီး ခေါ်ယူသတိပေး

    ယမ်းကို စနစ်တကျအသုံးပြုရန် မွန်ကျောက်မိုင်းလုပ်ငန်းများအား နယ်/လုံဝန်ကြီး ခေါ်ယူသတိပေး

    -

    မွန်ပြည်နယ်အတွင်း လုပ်ကိုင်နေသည့် ကျောက်မိုင်းလုပ်ငန်းများတွင် အသုံးပြုသည့် ယမ်းများ တရားဝင် စနစ်တကျအသုံးပြုရန် ပြည်နယ်အတွင်းရှိ ကျောက်မိုင်းလုပ်ငန်းရှင်နှင့် လုပ်သား ၁၀ဝ ကျော်တို့ကို မွန်ပြည် နယ်အစိုးရအဖွဲ့ရုံးတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ကျောက်မိုင်း လုပ်ငန်းရှင်များ အား ခေါ်ယူသတိပေးလိုက် သည်။

    ယမ်းသည် အန္တရာယ်ရှိ ပေါက်ကွဲစေတတ်သည့် ပစ္စည်းဖြစ်သည့်အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ တရားဝင်ခွင့်ပြုချက်ဖြင့် နည်းမှန်လမ်းမှန် စနစ်တကျ သိုလှောင် သယ်ဆောင် ကိုယ်တွယ်အသုံးရန် နိုဝင်ဘာ ၂၉ ရက်နေ့က ခေါ်ယူတွေ့ဆုံ သတိပေးခဲ့ခြင်းဖြစ်သည်။

    ကုလားမတောင် ကျောက်မိုင်းစခန်း(MNA)
    ကုလားမတောင် ကျောက်မိုင်းစခန်း(MNA)
    “ယမ်းဟာ အင်မတန်အန္တရာယ်ကြီးတယ်၊ သက်ဆိုင်ရာလုပ်ငန်းခွင်မှာ နည်းအမျိုးမျိုးနဲ့ ပေါက်ကွဲသွားမယ်ဆိုရင် အဲလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ လုပ်သားတွေ အလုပ်သမားတွေ အများကြီးနစ်နာဆုံးရှုံးမယ်၊ နောက် ဒီယမ်းကို စနစ်တကျသိုလှောင်ထားမှုမရှိဘူးဆိုရင် ယမ်းသိုလှောင်ထားတဲ့နေရာမှာ လုံခြုံမှုမရှိဘူးဆိုရင် အဖျက်သမားလက်ထဲ မကောင်းတဲ့လူတွေလက်ထဲကိုရောက်သွားရင် အများပြည်သူလူထုအတွက် မမျှော်မှန်းနိုင်တဲ့ အန္တရာယ်ဖြစ်သွားနိုင်တယ်၊ ဒီလိုမျိုးမရှိအောင်လို့ မဖြစ်သင့်တာ မဖြစ်ရအောင်လို့ ကြိုတင်တားဆီးတဲ့အနေနဲ့ ကျောက်မိုင်းလုပ်ငန်းရှင်တွေနဲ့ ခေါ်ယူဆွေးနွေးတာဖြစ်တယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ပြောသည်။

    ကျောက်မိုင်းလုပ်ငန်းများတွင် ယမ်းအသုံးပြု စနစ်တကျရှိ မရှိ၊ တရားဝင်ခွင့်ပြုချက် ရှိ မရှိကို အခါအားလျော်စွာ စစ်ဆေးသွားမည်ဖြစ်ပြီး တရားဝင်ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်နေသည်ကို စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟုလည်း ၄င်းက ဆက်ပြောသည်။

    ၄င်းပြင် ယခုရက်ပိုင်းအတွင်း အခြားသောနယ်မြေဒေသများတွင် ဖြစ်ပျက်နေသည့် ပေါက်ကွဲမှုမျိုးကဲ့သို့ ယမ်းသိုလှောင်ထိန်းသိမ်းမှု စနစ်တကျမရှိသဖြင့် ပေါက်ကွဲစေသည့်အဖြစ်မျိုး အဖြစ်မခံနိုင်ကြောင့်လည်း နယ်လုံဝန်ကြီးက ပြောသည်။

    ယနေ့တွေ့ဆုံမှုသည် ကျောက်မိုင်းထုတ်လုပ်ငန်းရှင်းများ ယမ်းကို စနစ်တကျ လုံခြုံမှုရှိရှိ သိုလှောင်အသုံးပြုရန်နှင့် ယမ်းများကို တရားမဝင်အသုံးပြုမှုမရှိစေရန်၊ တရားမဝင်အသုံးပြုပါက မည်သို့ အရေးယူဆောင်ရွက်မည်ကို ခေါ်ယူအသိပေးခြင်းဖြစ်သည်ဟု ကျောက်မိုင်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    ကျောက်မိုင်းထုတ်လုပ်ရာတွင် လုပ်ငန်းရှင်များအနေဖြင့် အပိုင်း ၂ ပိုင်းလုပ်ဆောင်ရမည်ဖြစ်ကာ ပထမအပိုင်းတွင် ကျောက်ထုတ်လုပ်ခွင့်လိုင်စင်ရယူရန်နှင့် ဒုတိယအပိုင်းအနေဖြင့် ယမ်းနှင့် ပတ်သက်သည့် တရားဝင်ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်သည်။

    မွန်ပြည်နယ်အတွင်း လိုင်စင်ရယူထားသည့် ကျောက်မိုင်းလုပ်ငန်း ၈၈ ခုရှိသည်ဟု မွန်ပြည်နယ် သယံဇာတနှင့် သဘာဝတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts