spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ် မီးလင်းရေး SEGEP ကုမ္ပဏီနှင့်မွန်လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

    ရေးမြို့နယ် မီးလင်းရေး SEGEP ကုမ္ပဏီနှင့်မွန်လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

    -

    ရေးမြို့နယ် လျှပ်စစ်မီးရရှိနိုင်ရေးအတွက် အရှေ့တောင် အထွေထွေစွမ်းအင်နှင့် လျှပ်စစ်ကုမ္ပဏီလီမီတက် SEGEP မှ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် သဘောတူညီချက်ရရှိရန် နိုဝင်ဘာ (၁၆) ရက်နေ့က မွန်ပြည်နယ်လွှတ်တော်ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

    မွန်ပြည်နယ်အတွင်း နိ်ုင်ငံတော်မှ ဖြန့်ဖြူးပေးဝေသော လျှပ်စစ်ဓာတ်အား မရရှိသည့်ဒေသများ၊ ကျေးရွာများဖြစ်သော ရေးမြို့နယ်နှင့် အခြားလျှပ်စစ်မီး မရရှိသေးသော ကျေးရွာများတွင် သင့်လျှော်သော ဈေးနှုန်းဖြင့် ၂၄ နာရီ လျှပ်စစ်ဓာတ်အားရရှိစေရန် ရည်ရွယ်လုပ်ဆောင်လိုကြောင်း SEGEP ကုမ္ပဏီ ဦးဆောင်ညွှန်ကြားရေးမှုး ဦးမောင်မောင်မြင့်က ပြောသည်။

    မွန်ပြည်နယ်လွှတ်တော်နှင့် SEGEP ကုမ္ပဏီတွေ့ဆုံစဉ်(MNA)
    မွန်ပြည်နယ်လွှတ်တော်နှင့် SEGEP ကုမ္ပဏီတွေ့ဆုံစဉ်(MNA)
    “ဒါကို လုပ်ဖို့အတွက် ပြည်နယ်အစိုးရက ပြည်နယ်လျှပ်စစ်ကို ခိုင်းလိုက်ပြီး၊ ကျွန်တော်တို့က MoA ထိုးတော့မယ်၊ အခုလောလောဆယ်တော့ ပြည်နယ်အစိုးရကို တင်ထားတယ်၊ တင်ပြီးလို့ရှိရင် ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဥပဒေချုပ်ကနေ ရှေ့နေချုပ်ကို တင်ရတယ်၊ ကျွန်တော့်အထင်တော့ တစ်လအတွင်းမှာ ပြန်ကျလာမယ်၊ အခုက အစိုးရအဖွဲ့က ခွင့်ပြုပေမဲ့ ပြည်နယ်လွှတ်တော်က အတည်ပြုဖို့ လိုတဲ့အတွက် ကျွန်တော်တို့က ကြိုပြီး လာရှင်းပြတဲ့သဘောပါ” ဟု ဦးမောင်မောင်မြင့်က ပြောသည်။

    ရေးတောင်ပိုင်း၌ (၂၀၁၇) မတ်လတွင် လျှပ်စစ်ဓာတ် စတင်ဖြန့်ဖြူးရန် မီတာခ ကို (၂၀၂) ကျပ်မှ (၂၅၆) ကျပ်ကြားတွင် သတ်မှတ်မည်ဖြစ်ကြောင်း၊ လက်ရှိ ကျေးရွာ မီးလင်းရေးကော်မတီသဘောတူညီလျှင် မိမိတို့ ရှိပြီးသော မီတာပုံးကို ဆက်လက်အသုုံးပြုနိုင်ကြောင်း၊ မီတာပုံးမရှိသော ကျေးရွာများအတွက် PREPAID DIGITAL မီတာများကို ထုတ်ပေးမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    “လောလောဆယ်မှာ ကျွန်တော်တို့ သဘောထားကို မပြောပြနိုင်သေးဘူး၊ အစ်ကိုတို့ ရှင်းလင်းခဲ့တဲ့အပေါ်မှာ ကျွန်တော်တို့ကိုယ်စားလှယ်တွေ ပြန်ဆွေးနွေးသုံးသပ်ပြီးရင် အကြောင်းပြန်ပေးမယ်၊ ဒီနေ့လွှတ်တော်ဥက္ကဋ္ဌလည်း ခရီးသွားနေတော့ ကျွန်တော်တို့ ဘက်က ဘာသဘောထားရှိသလဲဆိုတာကို ဒီကနေ့မှာတော့ ဘာမှ မထွက်နိုင်သေးဘူး” ဟု မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက တွေ့ဆုံရှင်းလင်းပွဲ၌ ကုမ္ပဏီသို့ ပြန်လည် ပြောကြားခဲ့သည်။

    အဆိုပါ SEGEP ကုမ္ပဏီထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံခြား F.O လောင်စာဆီဖြင့် ၃ နှစ် (သို့) ၅ နှစ်ခန့် အသုံးပြုမည်ဖြစ်သော်လည်း (၂၀၁၉-၂၀) တွင် ရေရှည်စီမံကိန်းအတွက် ရေးမြို့နယ် ကလုပ်ချောင်း (ကျောက်ကုတင်ချောင်း) နှင့် ရေးချောင်း (ကျောင်းရွာ) တို့မှ ရေအားလျှပ်စစ်ကို နွေကာလ 1.5 မဂ္ဂါဝပ်နှင့် မိုးကာလ 9 မဂ္ဂါဝပ်လျပ်စစ်ဓာတ်အား ထုတ်ယူသွားရန် စီစဉ်ထားကြောင်း ကုမ္ပဏီ၏ စီမံချက်အရ သိရသည်။

    အဆိုပါ ကုမ္ပဏီ၏ စီမံချက်တွင် လာမည့် (၂၀၁၇) တွင် လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးပေးမည် ဖြစ်ပြီး (၂၀၁၈) ၌ အားလုံးပြီးမြောက်သည့် အခြေအနေရောက်အောင် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓါတ်အား ရယူမည့် ကျေးရွာများသို့ မိမိတို့သုံးစွဲမည့် လျှပ်စစ်ဝန်အားနှင့် အညီ 200 KW/ 135 KW အစရှိသည့် TRANSFORMER များ၊ ၄င်းမှ ရွာအတွင်းသို့ ပြေးဆွဲမည့် လျှပ်စစ်ဓါတ်အားလိုင်းနှင့် မိမိတို့ နေအိမ်တွင် အသုံးပြုသည့် မီတာများကို မိမိတို့စရိတ်ဖြင့်သာ တပ်ဆင်ရမည် ဖြစ်ကြောင်း၊ ကျေးရွာအတွင်း မီးကြိုးမီးတိုင် TRANSFORMER များ၏ ကုန်ကျစရိတ်ကို SEGEP ကုမ္ပဏီ်မှ ကနဦး ကြိုတင်စိုက်ထုတ်ထားပြီး ၂ နှစ်အတွင်း အရစ်ကျ ကောက်ခံသွားရန် စီစဉ်ထားကြောင်း သိရသည်။

    မွန်ပြည်နယ် (၁၀) မြို့နယ်အနက် ရေးမြို့နယ်သည် အစိုးရ၏ လျှပ်စစ်ဓာတ်အား မရရှိသေးသော မြို့နယ်ဖြစ်သည့်အတွက် ၄င်းကုမ္ပဏီမှ ပထမအဆင့် ရေးမြို့နယ် မီးရရှိရေး ဦးစားပေးလုပ်ဆောင်ပေးသွားပြီး အခြား သံဖြူဇရပ်နှင့် ကျိုက်မရောမြို့နယ်ရှိ လျှပ်စစ်မီးမရရှိသေးသော ကျေးရွာများတွင်လည်း လာမည့် (၂၀၁၈) ၌ တစ်ပြိုံင်နက် ပြီးမြောက်အောင် လုပ်ဆောင်သွားမည်ဟုလည်း ထိုစီမံချက်တွင် ပါရှိသည်။

    ရေးမြို့နယ် လျှပ်စစ်မီးရရှိရေးအတွက် ပြီးခဲ့သည့် စက်တင်ဘာလ (၂၆) ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ရေးမြို့နယ် လျှပ်စစ်မီးရရှိရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဋ္ဌာန ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က အာရှဖွံ့ဖြိုးရေးဘဏ် ADB မှ ချေးငွေရရှိပါက မော်လမြိုင်-ရေး- ထားဝယ်ဓါတ်အားလိုင်း နှင့် ဓါတ်အားခွဲရုံးစီမံကိန်းများ စတင်အကောင်ထည်ဖော်မည်ဟု ပြောကြားထားပြီးဖြစ်သည်။

    ဆက်စပ်သတင်း

    1 COMMENT

    1. ကျွန်တော်တို့ရေးမြိုနယ် မကြာခင်မှာလျှပ်စစ်မီးရတော့မယ်။ ဝမ်းသာတယ်ဟေ့။ ကျေးဇူးတင်ပါတယ် ပိုင်နွန်ရယ်။ ပိုင်နွန်က အရမ်းတော်တဲ့သတင်းထောက်တစ်ဦးပါ။

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks