တိုင်းရင်းသားစာပေသင်ကြားရေးကိစ္စနှင့်ပတ်သက်၍ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်မှ ဆွေးနွေး အတည်ပြုခဲ့ပေးပို့လာသည့် တောင်းဆိုချက် (၁၁) ချက်အား လက်ရှိအချိန်တွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။
အစိုးရကျောင်းချိန်အတွင်း တိုင်းရင်းသားစာပေသင်ကြားခွင့်ရရှိရန်၊ တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမများ ထောက်ပံ့ကြေးကို လစဉ်လကုန်ရက်များတွင် ထောက်ပံ့ပေးရန်၊ ထောက်ပံ့ကြေး ၃၀ဝ၀ဝ ထက် ပိုပြီး ထောက်ပံ့ပေးရန်၊ တိုင်းရင်းသားဆရာ/ ဆရာမများ ၄င်းတို့နှင့် သက်ဆိုင်သည့် လူမျိုးဝတ်စုံ ဝတ်ဆင်ခွင့်ရရှိစေရေး သက်ဆိုင်ရာကျောင်းများသို့ ညွှန်ကြားပေးရန်၊ ဆရာ/ ဆရာမအချိုးနှင့် ကျောင်းသား အချိုး ကိုက်ညီမှုရှိစေရန်နှင့် လုံလောက်မှု မရှိပါက ဒေသခံ တိုင်းရင်းသား ဆရာ/ ဆရာမများ ပြန်လည် ခန့် အပ်ပေးရန် စသည့်အချက်များအပါအဝင် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်မှ အချက် (၁၁) ချက်အား အတည်ပြုထားသည်။
လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက “တိုင်းရင်းသားစာပေသင်ကြားရေးမှာ မွန်ပြည်နယ်လွှတ်တော်က အချက် (၁၁) ချက်ပါ အဆိုကိုတင်ထားတာ အောင်မြင်ခဲ့တယ်ပေါ့နော်၊ ဒါပေမယ့် အစိုးရအဖွဲ့အနေနဲ့ ၁၁ ချက်စလုံးကိုတော့ အကောင်အထည် မဖော်နိုင်သေးဘူးပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့မှ တိုင်းရင်းသား စာပေသင်ကြားရေး အခြေအ နေများနှင့် ပတ်သက်၍ တင်ပြပေးရန် မွန်ပြည်နယ်ပညာရေးမှူးရုံးသို့ ညွှန်ကြားစာတစ်စောင်ပေးပို့ခဲ့သည့် အပေါ် ပညာရေးဌာနမှ ယင်းကဲ့သို့ ပြန်လည်တင်ပြခဲ့ခြင်းဖြစ်သည်။
မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွှတ်တော်မှ တောင်းဆိုထားသည့် အချက်တစ်ချို့ကိုသာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ပညာရေး၊ ကျန်းမာရေးကဏ္ဍတို့နှင့်သက်ဆိုင်သည့် ကိစ္စရပ်များသည် ပြည် ထောင်စုလွှတ်တော်ကနေ ဘတ်ဂျက်ငွေများ ချပေးမှသာလျှင် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက် နိုင်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၆ ဇွန်လ ၂ ရက်နေ့က ဒုတိယကြိမ် မွန်ပြည်နယ်လွှတ်တော်အထူးအစည်းအဝေး၌ တိုင်းရင်း သားလူမျိုးများအရေးဆိုင်ရာကော်မတီမှ တိုင်းရင်းသားစာပေသင်ကြားရေးတွင် ပိုမိုထိရောက်လွယ်ကူ စေ ရန် ပေါင်မြို့နယ်မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်မှ အချက် (၁၁) ပါ အဆိုကို တင်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။
မွန်ပြည်နယ်လွှတ်တော် ဒု ဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက “တိုင်းရင်းသားစာပေသင်ကြားရေးကိစ္စက မွန်ပြည်နယ်အစိုးရအဖွဲ့မှာ တာဝန်အပြည့်အဝရှိတယ်၊ ဘတ်ဂျက်ငွေလိုအပ်ရင်လည်း လွှတ်တော်မှာ တင်ပြ ပြီး လုပ်လို့ရတယ်၊ ဒါပေမယ့် အခုချိန်အထိ မွန်၊ ကရင်၊ ပအိုဝ်း တွေကို ဆွေးနွေးတိုင်ပင်တာ မရှိသေးဘူး၊ ပြောချင်တာက လုပ်ရမယ့်တာဝန်ကို မသိတာလား၊ စေတနာမပါတာလားတော့ မသိဘူး၊ ဒီကနေ့အထိ အားမရသေး” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၀ ဝန်ကြီးချုပ်ဟောင်း ဦးအုန်းမြင့် ဦးဆောင်သော မွန်ပြည်အစိုးရအဖွဲ့လက်ထက်တွင် တိုင်းရင်းသားစာပေသင်ကြားခွင့် ထိုက်သင့်သ လောက်ရရှိခဲ့ကြောင်း၊ လက်ရှိတစ်ချို့အစိုးရစာသင်ကျောင်းများ၌ တိုင်းရင်းသားစာပေသင်ကြားရေးပိုင်းတွင် အဆင်မပြေမှုရှိနေကြောင်း၊ မွန်ပြည်နယ်အစိုးရအနေဖြင့် ပညာရေးဌာနသို့ ညွှန်ကြားမှုနည်းပါးခြင်းကြောင့် တိုင်းရင်းသားစာပေသင်ကြားရေးတွင် ထိရောက်မှုမရှိကြောင်း ၄င်းက ဆက်ပြောသည်။
သို့သော် တိုင်းရင်းသားဘာသာသင်ကြားပေးနေသည့် ဆရာ/ဆရာမများ ထောက်ပံ့ကြေးကို လစဉ် လကုန် ရက်များတွင် ထောက်ပံ့ပေးရန် နှင့် ထောက်ပံ့ကြေး တိုးမြှင့်ထောက်ပံ့ပေးရန် အချက်ကိုလည်း တစ်နိုင်ငံလုံး အတိုင်း အတာဖြစ်သည့်အတွက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသေးကြောင်း သိရသည်။
လက်ရှိအချိန်တွင် တိုင်းရင်းသားစာပေ သင်ကြားချိန်ကို ညနေ ၄ နာရီတွင် သင်ကြားရန်၊ တိုင်းရင်းသား ဘာသာသင် ဆရာ/ဆရာမများအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာလူမျိုးဝတ်စုံကို ဝတ်ဆင်ခွင့်ရရှိရန်နှင့် ခွဲ ခြားဆက်ဆံခြင်း မပြုရန်၊ ကျောင်းသုံးပစ္စည်းကိုလည်း တန်းတူသုံးစွဲခွင့်ပြုရန်၊ ဆရာ/ ဆရာမ လုံလောက် စွာ ခန့်အပ်ပေးရန်၊ သင်ကြားခွင့်ကဒ်ထုတ်ပေးရန်၊ တိုင်းရင်းသားထူးချွန်ကျောင်းသားများကိုလည်း ပညာ ရည်ချွန်ဆု ချီးမြှင့်ပေးရန် စသည့်အချက်များကို အကောင်ထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။
မွန်ပြည်နယ်တွင် ၂၀၁၃ ခုနှစ်ကတည်းက မွန်၊ ကရင်၊ ပအိုဝ်း၊ တိုင်းရင်းသားစာပေ သင်ကြားခွင့်ရရှိခဲ့ပြီး သင်ကြားပေးသည့် ဆရာ/ဆရာမများအနေဖြင့် ပညာသင်နှစ်ကုန်မှသာ ထောက်ပံ့ကြေးရရှိခဲ့သည်ဟု သိရသည်။
၂၀၁၄-၁၅ ပညာသင်နှစ်တွင် မွန်ပြည်နယ်၌ ကျောင်းသူ ကျောင်းသား သုံးသောင်းကျော် တိုင်းရင်းသားစာပေ သင်ကြားခဲ့ကြောင်း၊ မွန်စာသင်ရိုးညွှန်းတမ်းကော်မတီက ဆရာ\ဆရာမပေါင်း (၄၀ဝ) ခန့်အား သင်တန်းပို့ချခဲ့ကြောင်း၊ အစိုးရကျောင်းများ၌ မွန်စာသင်ကြားနေသည့်ကျောင်း (၂၅၈)ကျောင်းရှိပြီး ပြင်ပမွန်စာသင်ဆရာ/ဆရာမပေါင်း (၂၈၁)ဦး၊ အစိုးရဝန်ထမ်းမွန်စာသင် ဆရာ/ဆရာမပေါင်း (၂၀၆) ဦး ရှိသည်ဟု သိရသည်။