spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲရုံဝန်ထမ်းအင်အား ၆၀ဝ နီးပါးခန့် ခန့်အပ်မည်

    မွန်ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲရုံဝန်ထမ်းအင်အား ၆၀ဝ နီးပါးခန့် ခန့်အပ်မည်

    -

    လာမည့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်လျက်ရှိသော မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်တစ်နေရာအတွက် မဲရုံ ၆၂ ရုံလျာထားခဲ့ပြီး မဲရုံဝန်ထမ်းအင်အား ၆၀ဝ နီးပါးခန့် ခန့်အပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲတာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။

    ချောင်းဆုံမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲရုံမှူး ၆၂ ဦး၊ ဒုမဲရုံမှူး ၆၂ ဦး၊ မဲစာရင်း စစ်ဆေးသူ ၁၇၂ ဦး၊ မဲလက်မှတ်ထုတ်ပေးသူ ၁၇၂ ဦး၊ မှင်တို့ ၆၂ ဦး၊ မဲရုံလုံခြုံရေး ၆၂ ဦး စုစုပေါင်း ၅၉၂ ဦး လျာထားသည်ဟု ဆိုသည်။

    မွန်ပြည်နယ်ရွေးကောက်ပွဲတာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်(MNA)
    မွန်ပြည်နယ်ရွေးကောက်ပွဲတာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်(MNA)
    မွန်ပြည်နယ်ရွေးကောက်ပွဲတာဝန်ခံအရာရှိက “ချောင်းဆုံမြို့နယ်မှာ မဲရုံ ၆၂ ရုံ နဲ့ မဲရုံဝန်ထမ်းအင်အား ၅၉၂ ဦးခန့်အပ်သွားမှာ ဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် နေရာတစ်နေရာပဲ လစ်လပ်မှု ရှိတဲ့အတွက် ဝန်ထမ်းအင်အား လျှော့ထားတယ်” ဟု ပြောသည်။

    မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် မဲရုံသုံးပစ္စည်းများ၊ တစ်အိမ်တက်ဆင်း မဲစာရင်းကောက်ယူမှု အခြေအနေများ နှင့် ကြားဖြတ်ရွေးကောက်ပွဲအတွက်လိုအပ်သည့် အသေးစိတ်အချက်အလက်များကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြထားပြီး ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    နိုဝင်ဘာ (၁) ရက်နေ့မှစ၍ ဘီးလူးကျွန်း-ချောင်းဆုံမြို့နယ်ရှိ ကျေးရွာအုပ်စု (၄၃) အုပ်စုနှင့် မြို့ပေါ်ရပ်ကွက် (၃) ခုတို့တွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများကိုအခြေခံပြီး တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် မဲဆန္ဒရှင်စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

    ချောင်းဆုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဌ ဦးထွန်းရီက“လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ အိမ်ထောင်စုအလိုက် မဲပေးသွားဖို့ အခုကျနော်တို့ တစ်အိမ်သက်ဆင်း မဲစာရင်းတွေ ကောက်နေပါတယ်၊ မဲစာရင်းကောက်ရာမှာလည်း ၁၅ ရက်အတွင်းပြီးစီးဖို့နဲ့ မဲစာရင်းကောက်ယူပြီးစီးမှုအပေါ်မူတည်ပြီး မဲပေးခွင့်ရှိသူအမည်စာရင်း ကြေငြာသွားမယ်” ဟုပြောသည်။

    ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP၊ မွန်အမျိုးသားပါတီMNP၊ NLD ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ NLD ပါတီမှ ဒေါ်ခင်ဌေးကြွယ်က (၅၆,၅၇၃) မဲဖြင့် အနိုင်ရရှိခဲ့သည်။

    ထိုနောက် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်အား ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတွင် တာဝန်ပေးအပ်ခြင်းခံရသည့်အတွက် ၄င်းလစ်လပ်ကိုယ်စားလှယ်နေရာအား အစားထိုးရွေးချယ်ရခြင်းဖြစ်သည်။

    ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ်၌ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP, ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP, တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) တို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ AMDP ပါတီမှ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနိုင်ရရှိသည်ဟု သိရသည်။

    ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ ချောင်းဆုံမြို့နယ်ရှိ မဲရုံ ၆၂ ရုံတွင် မဲဆန္ဒရှင် (၁၂၇,၂၄၉) ဦး ဆန္ဒမဲပေးခွင့်ရှိကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks