မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာတွင် ရပ်နီးရပ်ဝေးမှ များစွာသော ရေလုပ်သားများ လာရောက်လုပ်ကိုင်လျက်ရှိရာ ကျန်းမာရေးနှင့် ခိုက်ရန်ဖြစ်ပွားမှုကြောင့် ပင်လယ်ပြင်တွင် လူသေဆုံးမှုများ နှစ်စဉ်တိုးပွားလာနေကြောင်း လူ့အခွင့်အရေးနှင့်တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့မှ မွန်ပြည်နယ် တာဝန်ခံ ဖြစ်သူ ဦးထွန်းအေးက ဆိုသည်။
ဦးထွန်းအေးက “ ရေလုပ်သားများနှင့်ပတ်သက်ပြီး ကျနော်တို့အလုပ်ရှင်နဲ့ ဆွေးနွေးတာတွေရှိတယ်၊ ရဲအရာရှိတွေနဲ့လည်း ညှိနှိုင်းတာတွေရှိတယ်၊ မှုခင်းကျဆင်းအောင် ပညာပေးမှုတွေလည်းလုပ်ခဲ့တယ်၊ ဒါပေမဲ့ သေမှုသေခင်းကတော့ ဆက်ရှိနေတယ်၊ ရေလုပ်သားများ၏ပြောပြချက်အရ ပင်လယ်ပြင်မှာ နှစ်စဉ်နှစ်တိုင်း လူသေဆုံးမှုက (၁၀ဝ) ကျော်ဖြစ်ပွားနေတယ်” ဟု ဆိုသည်။
သေဆုံးမှုအပြင် အသက်မပြည့်သည့်ကလေးလုပ်သားများကိုလည်း ခိုင်းစေနေသည့်အပြင် ပြည်တွင်းလူကုန်ကူးမှုနှင့်လည်း ရင်ဆိုင်နေရကြောင်း ဦးထွန်းအေးက ဆက်ပြောသည်။
ရေလုပ်သားကိုကျော်ဌေးက “ ပင်လယ်ပြင်မှာက ကျနော်တို့ကို ရိုက်နှက်ပြီး အလုပ်လုပ်ခိုင်းတာရှိတယ်။ ခိုင်းလို့အဆင်မပြေရင် ရေထဲတွန်းချတာလည်းရှိတယ်၊ လူကိုရိုက်ဖို့ဒုတ်က အရှည်နှစ်တောင် သုံးတောင်ရှိတယ်။ သူတို့ခေါ်တဲ့အချိန်မှာ အချိန်မီမရောက်ဘူးဆိုရင် စားဖို့ထမင်းဟင်းတွေကိုလည်း အကုန်လုံး သွန်လိုက်တယ်။ တစ်ခါတစ်လေ ၂ ရက် ၃ ရက် ထမင်းမစားရတာလည်းရှိတယ်” ဟု ဆိုသည်။
အလုပ်ရှင်က ရေလုပ်သားများ၏ ကျန်းမာရေးကိစ္စရပ်များကိုလည်း ဂရုမစိုက်သည့်အတွက် ဖျားနာလာပါက အခက်အခဲပေါင်းစုံနှင့်ရင်ဆိုင်ကြောင်း၊ လွန်ခဲ့တဲ့တစ်လခန့်က ပင်လယ်ပြင်တွင် ရေလုပ်သားအလောင်း (၄) လောင်းမျောနေပါခဲ့သည်ကိုတွေ့ခဲ့ရကြောင်း ကိုကျော်ဌေးက ဆက်ပြောသည်။
အထူးသဖြင့် ပင်လယ်ငါးဖမ်းလုပ်သားများ စုဖွဲ့နေထိုင်ကြနေကြသည့် ရေးမြို့နယ်၊ အဘော်ကျေးရွာ၊ ပတ္တမြားရပ်ကွက်မှ ရေလုပ်သားများအနေဖြင့် ကမ်းနီးကမ်းဝေးပင်လယ်ပြင်အတွင်း အလုပ်ဦးစီးသူ၏ဖိနှိပ်မှုဒဏ်၊ ကျန်းမာရေးချို့တဲ့မှုများကြောင့် ပင်လယ်ပြင်တွင် သေဆုံးမှုများ ဖြစ်ပေါ်နေကြောင်း ရေလုပ်သားများထံမှ သိရသည်။
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့သော သေမှုသေခင်း (၄၃) ဦးအနက် (၂၉) ဦးက ပင်လယ်တွင်သေဆုံးမှုဖြစ်ပြီး၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ သေမှုသေခင်း (၄၄) ဦးရှိသည့်အနက် (၃၀) ဦးက ပင်လယ်ပြင်မှသေဆုံးမှုဖြစ်ကြောင်း လူ့အခွင့်အရေးနှင့်တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့မှ သိရသည်။
ယခုနှစ်အတွင်း မွန်ပြည်နယ်၌ ရေလုပ်သားမှတ်ပုံတင် ပြုလုပ်လိုသူ သုံးထောင်ကျော် ကျေးရွာများအထိ ကွင်းဆင်းမှတ်ပုံတင်ထုတ်ပေးလျက်ခဲ့ကြောင်း၊ အထူးသဖြင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းဒေသကြီးမှ ရွှေ့ပြောင်းအခြေချလာသူများ ဖြစ်ကြောင်း သိရသည်။