Homeသတင်းUNFC အဆိုပြုမူကြမ်း ၉ ချက်အား အစိုးရငြိမ်းချမ်းရေးကော်မရှင်ထံတင်ပြ

UNFC အဆိုပြုမူကြမ်း ၉ ချက်အား အစိုးရငြိမ်းချမ်းရေးကော်မရှင်ထံတင်ပြ

-

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ(ပထမအစည်းအဝေး) ကျင်းပအပြီး တစ်နိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုသဘောတူစာချုပ် NCA လက်မှတ်ဆက်လက်ရေးထိုးနိုင်ရေးအတွက် မြန်မာအစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ ပထမအကြိမ်တွေ့ဆုံဆွေးနွေးကြပြီး UNFC အဆိုပြုချက်မူကြမ်း ၉ ချက်အား အစိုးရငြိမ်းချမ်းရေးကော်မရှင်ထံ ပေးအပ်တင်ပြခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ရှန်ဂရီလာ Shangri-La ဟိုတယ်၌ စက်တင်ဘာ ၂၅ ရက်နေ့တွင် မြန်မာအစိုးရ ငြိမ်းချမ်းရေးကော်မရှင် Peace Commission ၏ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးအောင်ကြည် ဦးဆောင်သောအဖွဲ့နှင့် DPN ခေါင်းဆောင် UNFC ထွေထွေအတွင်းရေးမှူး ခူဦးရယ် ဦးဆောင်သည့်အဖွဲ့တို့ ပထမဆုံးအကြိမ်တွေ့ဆုံရာတွင် UNFC အဆိုပြုချက်မူကြမ်းအား ပေးအပ်တင်ပြခြင်း ဖြစ်သည်။

 ငြိမ်းချမ်းရေးကော်မရှင် Peace Commission ၏ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးအောင်ကြည် ဦးဆောင်သောအဖွဲ့(DVB)
ငြိမ်းချမ်းရေးကော်မရှင် Peace Commission ၏ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးအောင်ကြည် ဦးဆောင်သောအဖွဲ့(DVB)

အဆိုပြုချက်မူကြမ်း ၉ ချက်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို အစိုးရတပ်မတော်နှင့် UNFC အဖွဲ့ဝင်အားလုံး ကြေညာရန်၊ နိုင်ငံရေးမူဘောင်အပါအဝင် နှစ်ဖက်လိုက်နာရမည့် စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ တပ်ပိုင်းဆိုင်ရာကျင့်ဝတ်၊ စောင့်ကြည့်ရေး လမ်းညွှန်တို့ကို ကြိုတင်သဘောတူညီမှုရရှိရန်၊ JMC တွင် နိုင်ငံတကာ အစိုးရကိုယ်စားလှယ်များ ပါဝင်ခွင့်ပြုရန်၊ NCA သဘောတူညီချက်များကို မလိုက်နာ၊ မဖြေရှင်းလျင် ပြည်တွင်းပြည်ပ ပညာရှင် တရားသူကြီးများပါဝင်သော လွတ်လပ်သောကော်မရှင် တစ်ရပ်ဖွဲ့စည်းရန် စသည့်အချက်များပါဝင်သည်ဟု သိရသည်။

ထို့အပြင် နိုင်ငံရေးအရ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မည်ဟု ထည့်သွင်းဖေါ်ပြရန်၊ နိုင်ငံရေးဆွေး နွေးပွဲများကို ၃ ပွင့်ဆိုင်ကျင်းပရန်၊ ၂၁ ရာစုပင်လုံကရရှိလာသောသဘောတူညီချက်များကို အခြေခံပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေအပါ ဥပဒေများရေးဆွဲပြဌာန်းရန်တို့အား ထပ်မံဖြည့်စွက်ရန်၊ TNLA, MNDAA, AA အဖွဲ့များအား NCA လက်မှတ်ထိုးရေးတွင် ချန်မထားရန်နှင့် လက်ရှိအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများတွင် NCA လက်မှတ်မရေးထိုးသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်နိုင်ရေး စသည့်အချက်များလည်း ပါရှိသည်ဟု စုံစမ်းသိရှိရသည်။

အထက်ပါတင်ပြချက်များကို မြန်မာအစိုးရ ငြိမ်းချမ်းရေးကော်မရှင်မှ ပြန်လည်သုံးသပ်ကြဦးမည်ဖြစ်ကြောင်း နောက်လတွင် အမြန်ဆုံးပြန်လည်တွေ့ဆုံဆွေးနွေးကြရန်ပြောဆိုထားကြသော်လည်း မည်သည့်နေရာနှင့် နေ့ရက်တွင် တွေ့ဆုံကြမည်ကို မသတ်မှတ်ရသေးပေ။

ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက်နေ့တွင် ကချင်ပြည်နယ် မိုင်ဂျာယန်၌ ကျင်းပခဲ့သော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ EAO’s မျက်နှာစုံညီအစည်းအဝေးက နိုင်ငံရေးဆွေးနွေးမှုများတွင် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီ သုံးပွင့်ဆိုင်ဆွေးနွေးမှုကို အခြေခံရန်၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ အခြေ ခံမူရှစ်ချက်၊ ပြည်ထောင်စုတပ်မတော်ကို အရပ်ဘက်အောက်တွင် ထားရှိရေး စသည့်ဘုံသဘောထားချမှတ်နိုင်ခဲ့ပြီး အစိုးရနှင့်ဆက်လက်ဆွေးနွေးကြမည်ဟု ဆိုထားသည်။

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို လာမည့်နိုဝင်ဘာလဆန်းတွင်၄င်း၊ ပြည်တောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ(ဒုတိယအစည်းအဝေး) ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင်၄င်း ကျင်းပပြုလုပ်ရန် အစိုးရရည်မှန်းထားသည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အားလုံး NCA အပစ်ရပ်စာချုပ်ပါဝင်လက်မှတ်ထိုးရန် အရေးတကြီး လိုအပ်နေသည်ဟု နိုင်ငံရေးသုံးသပ်သူများက ဆိုသည်။

အထူးသဖြင့် လက်ရှိ UNFC အဖွဲ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ မွန်ပြည်သစ်ပါတီ MNSP, ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ ရခိုင်အမျိုးသားကောင်စီ ANC, ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU၊ ဝ အမျိုသားအစည်းအရုံး WNO တို့ NCA လက်မှတ်အမြန်ပါဝင်ရေးထိုးရန် အစိုးရ လိုလားလျက်ရှိသည်။


ထပ်မံဖြည့်စွက်ချက်

UNFC စက်တင်ဘာ ၂၆ ရက်နေ့ထုတ်ပြန်ချက်အရ အဆိုပြုမူ ၉ ချက်ဟု ထုတ်ပြန်သဖြင့် သတင်းခေါင်းစဉ်တွင် ၈ ချက်အစား ၉ ချက်ဟုဖြည့်စွက်ပြင်ဆင်လိုက်ပါသည်- အယ်ဒီတာ

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts