ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယအကြိမ်ပုံမှန်အစည်းအဝေးကို လာမည့်အောက်တိုဘာလ ၃ ရက်နေ့တွင် မွန်ပြည်နယ်လွှတ်တော်ရုံးခန်းမ၌ ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဌ ဒေါ်တင်အိက မွန်သတင်းအေဂျင်စီသို့ ပြောသည်။
လွှတ်တော်ဥက္ကဌဒေါ်တင်အိက “ဒီအပတ်ပြုလုပ်မယ့် ပုံမှန်အည်းအဝေးက ၄ ရက်လောက် လုပ်သွားမယ်လို့ ရည်ရွယ်ထားတာရှိတယ်။ မပြီးဘူးဆိုရင် ၅ ရက်လည်း ဖြစ်နိုင်တယ်” ဟု ဆိုသည်။
လက်ရှိအချိန်တွင် မွန်ပြည်နယ်လွှတ်တော်အနေဖြင့် ပြည်သူများမှ တင်ပြလာသည့် အကြောင်းအရာကိစ္စရပ် များအပေါ် သက်ဆိုင်ရာလွှတ်တော်ရေးရာကော်မတီတို့မှ အစည်းဝေးများပြုလုပ်ပြီး အစိုးရနှင့် ညှိနှိုင်းဆောင် ရွက်လျှက်ရှိကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များမှ မိမိတို့သက်ဆိုင်ရာ မြို့ရွာအလိုက် သွားရောက်ကွင်းဆင်း စစ်ဆေးပြီး ပြည်သူအတွက် အလုပ်လုပ်လျှက်ရှိကြောင်း မွန်လွှတ်တော်ဥက္ကဌက ဆိုသည်။
လာမည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်၊ တတိယပုံမှန်အစည်းအဝေးတွင် မွန်ပြည်နယ်အစိုးရ ရ/သုံး မှန်းခြေငွေစာရင်း ပြင်ဆင်/ဖြည့်စွက်ရန်နှင့် အသေးစားအလတ်စား လျှပ်စစ်ဥပဒေကြမ်း တင်ပြဆွေးနွေး ရန်ရှိ သည်ဟု မွန်ပြည်နယ်လွှတ်တော်ရုံးမှ သိရသည်။
“သိပ်ပြီးတော့ မပြေလည်တာများရင် လွှတ်တော်ကနေ ခေါ်ပြီးတော့ မေးမြန်ရတာပေါ့နော်။ ကိုယ်စားလှယ်တွေ သိလိုတဲ့အချက်တွေ ပြည်သူတွေ သိလိုတဲ့အချက်တွေ လွှတ်တော်မခေါ်ပဲ ကျမတို့ လုပ်လို့ပြေလည်တာလဲရှိ တယ်ပေါ့နော်” ဒေါ်တင်အိက ဆက်ပြောသည်။
မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် (၁) လ (၂) ကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေး ပြုလုပ်လျှက်ရှိပြီး ရေးရာကော်မတီအဖွဲ့အစည်းအဝေးများလည်း ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
ဒုတိယအကြမ်း မွန်ပြည်နယ်လွှတ်တော်၊ တတိယအကြိမ် ပုံမှန်အစည်းဝေးတွင် လွှတ်တော်ကိုယ်စား လှယ် များမှ အဆို ၈/၉ ခုခန့် တင်ပြဆွေးနွေးရန်ရှိပြီး မေးခွန် ၃၀ ဝန်းကျင်ခန့် မေးမြန်ရန်ရှိသည်ဟု မွန်လွှတ်တော် ရုံးမှ သိရသည်။
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ကို ဖေဖေါ်ဝါရီလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ပထမပုံမှန်အစည်းအဝေး၊ ဇွန်လ ၂ ရက်နေ့က ကျင်းပခဲ့သည့် အထူးအစည်းအဝေးနှင့် ဇွန်လ ၂၇ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယပုံမှန် အစည်းအဝေးဆိုပြီး အစည်းအဝေး ၃ ကြိမ်ကျင်းပပြုလုပ်ခဲ့ကာ မေးခွန်းများ အဆိုများသာ မေးမြန်းတင်ပြ ဆွေး နွေးခဲ့ကြပြီး ဥပဒေကြမ်းတင်သွင်းမှုများ မရှိသေးပေ။
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တွင် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ် စားလှယ် ၁၉ ဦး၊ မွန်အမျိုးသားပါတီကိုယ်စားလှယ် ၂ ဦး၊ မွန်ဒေသလုံးဆိုင်ရာဒီမို ကရေစီပါတီကိုယ်စားလှယ် ၁ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ၁ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၈ ဦး စုစုပေါင်း ကိုယ်စားလှယ် ၃၁ ဦးရှိပြီး အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ၇ ဦးရှိသည်။