မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း၊ မန်းကျည်းချောင်းဝရွာသား ၂ ဦးအား တပ်မတော်အရာရှိတစ်ဦးက ဓါးမြနှင့်မှားယွင်းသတ်မိသည်ဆိုသည့်အမှုတွင် လူ့အခွင့်ရေးကော်မရှင်ပါဝင်ပတ်သက်ခွင့်မရှိဟု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါတ်တာဉာဏ်ဇော်က ပစ်သတ်ခံရမှု ၆ လပြည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၈ ရက်နေ့က မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ ပိုင်ခေတ်ခန်းမတွင်ပြုလုပ်ရာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ ရေးမြို့နယ်မှမွန်သံဃာတော်ဆရာတော်များ၊ မွန်လူငယ်များနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ (၇၀) ဦးခန့် တက်ရောက်သည်ကို တွေ့ရသည်။
ဒေါတ်တာဉာဏ်ဇော်က “အခုက ဒီအမှုကို စစ်တရားရုံးမှာ စစ်ဆေးနေတယ်ဆိုတော့ ကျနော်တို့ကော်မရှင်အနေနဲ့ ပတ်သက်လို့မရတော့ဘူး။ ဘာဖြစ်လို့လည်ဆိုတော့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်ရေးကောင်မရှင် ဥပဒေ ပိုဒ်မ (၃၇) အရ တရားရုံးမှာ စစ်ဆေးနေဆဲ အမှုတွေကို ပါဝင်ပတ်သက်လို့ မရဘူးဆိုတာ ပြဌာန်ထား တာရှိတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်ရေးကောင်မရှင် ဥပဒေ ပိုဒ်မ (၃၇) တွင် ကော်မရှင်သည် အောက်ပါအကြောင်း တစ်ရပ်ရပ်နှင့် ငြိစွန်းသော တိုင်တန်းချက်ကို စုံစမ်းစစ်ဆေးခြင်း မပြုလုပ်ရ- (က) တရားရုံးတစ်ခုခုဆုံးဖြတ် ချက်အပေါ် အယူခံမှု (သို့မဟုတ်) ပြင်ဆင်မှုဝင်ရောက်ဆဲအမှုများ၊ (ခ) တရားရုံးတစ်ခုခုက အပြီးသတ်စီရင်ဆုံး ဖြတ်ပြီးသောအမှုတို့ ပါဝင်သည်ဟု ဆိုသည်။
သို့ရာတွင် အဆိုပါအမှုတွင်ပါဝင်ပက်သက်ခွင့်မရှိသော်လည်း စစ်တရားရုံ၏ အရေးယူ ဆောင်ရွက်မှုကို ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ပေးရန်လိုအပ်သည်ကို ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးဌာနသို့ အကြံပြုထားကြောင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနချုပ်ရုံးကိုလည်း အမှုကိစ္စပြီးဆုံးသည့်အထိ အမှုတိုးတက်မှု/ဆောင်ရွက်နေမှုကို လစဉ်မေးမြန်သွားမည်ဟု ဒေါတ်တာဉာဏ်ဇော်က ဆက်ပြောသည်။
ပစ်သတ်ခံရသူ ဦးစိုး၏ အစ်ကိုယ်ဖြစ်သူ ဦးဘရီက “ကျနော်တို့က လျှော်ကြေးကို မလိုချင်ဘူး။ သူ့အပြစ်ကို သူ့နဲ့ ထိုက်တန်တဲ့အပြစ် ချပေးစေချင်တယ်။ သူကို ဘယ်လိုစစ်ဆေးနေတာလဲ၊ ဘယ်လိုအပြစ်ပေးတာ ရှိသလဲဆိုတာကိုလည်း ကျနော်တို့ သိချင်တယ်” ဟု ဆိုသည်။
ဗိုလ်ကြီး ဇော်မျိုးထက်အပေါ် မည်သို့စစ်ဆေးအရေးမှုပြုလုပ်နေသည်ကို မိမိတို့မသိရှိရကြောင်း၊ အမှုပြီးသည်အထိ တစ်လတစ်ကြိမ် ဆုတောင်းပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ကျန်ရစ်သည့် မိသားစုဝင် များအား တပ်မတော်မှ ဖိအားပေးခြင်းနှင့် ခြိမ်းခြောက်ခြင်းမရှိကြောင်းကိုလည်း ဦးဘရီက ဆက်ရှင်းပြသည်။
လွန်ခဲ့သည့် မတ်လ ၈ ရက်နေ့ညသန်းခေါင်ယံအချိန်ခန့်၌ မန်းကျည်းချောင်းဝရွာသား ၂ ဦးအား မှားယွင်းပစ်ခတ်မိသည်ဆိုသော ဗိုလ်ကြီးဇော်မျိုးထက်အား လူသတ်မှုပုဒ်မ (၃၀၂) ဖြင့် ခေါဇာမြို့ရဲစခန်းတွင် စောစောပိုင်းတွင်အမှုဖွင့်ထားသော်လည်း နောက်ပိုင်းတွင် လူသေမှုပုဒ်မ (၃၀၄) ဖြင့် ပြောင်းလဲကာ ၎င်းအား စစ်တရားရုံး၌ စစ်ဆေးလျက်ရှိသည်။
ဗိုလ်ကြီးဇော်မျိုးထက် အပါအဝင် တပ်မတော်သား ၃ ဦးကို ၁၉-၅-၂၀၁၆ ရက်နေ့တွင် အကျဉ်းစစ်တရားရုံးဖြင့် စစ်ဆေးပြီးစီး၍ အပြစ်ဒဏ်အတည်ပြုနိုင်ရေး အမှုတွဲအားကမ်းရိုးတန်းစစ်ဌာနချုပ်သို့ ပေးပို့ဆောင်ရွက်ထားရှိပြီး တပ်မတော် ကာကွယ်ရေးဦးစီချုပ်၏ အတည်ပြုချက်ရယူရန်အတွက် ၁၆-၇-၂၀၁၆ ရက်နေ့တွင် စစ်ဥပဒေချုပ်ရုံးသို့ ပေးပို့ ဆောင်ရွက်ထားဆဲဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် မှတ်တမ်းမှ သိရသည်။
အလားတူ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်စုံစမ်းမှုများပြုလုပ်ခဲ့သည့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး မြို့နယ်၊မိုင်းယော် ကျေးရွာဒေသခံ ၇ ဦး ဇွန်လ ၂၈ ရက် သေနတ်ပတ်သတ်ခံရမှုကိစ္စနှင့်ပတ်သက်ပြီး ဒုဗိုလ်ချုပ်ကြီး မြထွန်းဦးက တပ်မတော်တွင် လိုက်နာရမည့် သုံ့ပန်း များ စစ်ဆေးမှုဆိုင်ရာ လုပ်ထုံးလုပ်နညး်များရှိပြီး ထိုလုပ်ထုံး လုပ်နည်းများကို မလိုက်နာသည့် တပ်မတော်အရာရှိ၊ စစ်သည် များကို စစ်ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၀ ရက်နေ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။