spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းNCA လက်မှတ်ထိုးရန် သုံးပွင့်ဆိုင်မူကို UNFC ဆက်လက်ဆုပ်ကိုင်မည်

    NCA လက်မှတ်ထိုးရန် သုံးပွင့်ဆိုင်မူကို UNFC ဆက်လက်ဆုပ်ကိုင်မည်

    -

    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရန် သုံးပွင့်ဆိုင်ပါဝင်ရေးမူကို ဆက်လက်ဆုပ်ကိုင်ထားမည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုဥက္ကဌနိုင်ဟံသာက ပြောသည်။

    စက်တင်ဘာ ၃ ရက်တွင် ကျင်းပသော နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ(ပထမ) အစည်းအဝေး နောက်ဆုံးနေ့အပြီး သတင်းထောက်များအား ပြောကြားခြင်း ဖြစ်သည်။

    ၂၁ ရာစုပင်လုံ(ပထမအစည်းအဝေး) နောက်ဆုံးနေ့ ရှေ့တန်းခုံမြင်ကွင်း(နိုင်ငံတော်အတိုင်ပင်ခံရုံး)
    ၂၁ ရာစုပင်လုံ(ပထမအစည်းအဝေး) နောက်ဆုံးနေ့ ရှေ့တန်းခုံမြင်ကွင်း(နိုင်ငံတော်အတိုင်ပင်ခံရုံး)
    သုံးပွင့်ဆိုင်ဟုဆိုရာတွင် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်ပေါင်း တစု၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက တစုနှင့် နိုင်ငံရေးပါတီများက တစုဖြစ်သည်။

    နိုင်ဟံသာက “သူတို့အစုအဖွဲ့နဲ သက်ဆိုင်တဲ့ ပညာရှင်၊ အမျိုးသမီးအဖွဲ့၊ စာပေ၊ ယဉ်ကျေးမှု၊ စီးပွားရေး စတဲ့စတဲ့နယ်ပယ်အရပ်ရပ် ကိုယ်စားပြုသူတွေ ပါဝင်လာမယ်၊ ကျနော်တို့လက်နက်ကိုင်အဖွဲ့သက်သက်ပဲ မဟုတ်ပါဘူး၊ နယ်ပယ်အသီးသီးက ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင်နဲ့ နီးစပ်တဲ့ပုဂ္ဂိုလ်တွေပါဝင်ဖို့လိုအပ်ပါတယ်” ဟု ပြောသည်။

    NCA သဘောတူစာချုပ် အပိုဒ် ၂၂ ၏ “နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအဆင့်ဆင့် အားလုံးပါဝင်ရေးမူကို အခြေခံဆောင်ရွက်ရမည်”ဟူသည့် အချက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား ကိုယ်စားလှယ်အပြင် အရပ်ဘက်လူ့အဖွဲ့အစည်း၊ စီးပွားရေးအသင်းအဖွဲ့၊ ပညာရှင်အစုအဖွဲ့နှင့် အခြားပါဝင်သင့်ပါဝင်ထိုက်သူများအား သင့်တော်သည့် အချိုးအစားအလိုက်ပါဝင်ရန် ဖော်ပြထားသည်။

    တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့ပါဝင်သော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ UPWC အကြား ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် NCA စာချုပ်မူကြမ်းချုပ်ဆို လက်မှတ်ရေးထိုးခဲ့သည်။

    အဆိုပါ မူကြမ်းကို တိုင်းရင်းသားခေါင်းဆောင်များ ပြန်လည်သုံးသပ်ပြီး အချက်အလက် အချို့ကို ပြန်လည်ပြင်ဆင်ရန်တင်ပြသောအခါ အစိုးရက လက်မခံခဲ့ကြောင်း နိုင်ဟံသာက ပြောသည်။

    တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က ယမန်နှစ် အောက်တိုဘာ ၁၅ ရက်နေ့၌ NCA စာချုပ်အတည်ပြုချုပ်ဆိုခဲ့သော်လည်း လက်ရှိ UNFC အဖွဲ့ဝင်များက လက်မှတ်ရေးထိုးခြင်းမပြုပေ။

    UNFC တွင် မွန်ပြည်သစ်ပါတီ (MNSP)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)နှင့် “ဝ”အမျိုးသားအခွဲ့ချုပ် (WNO) တို့ပါဝင်သည်။

    နေပြည်တော်တွင် ယခုကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိိုင်တို့က NCA လက်မှတ်ရေးထိုးရေးကိစ္စကို ညီလာခံအဖွင့်မိန့်ခွန်းများတွင် အလေးပေးပြီး ပြောကြားခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောစာချုပ် NCAသည် ငြိမ်းချမ်းရေးအတွက်သာမက ဒီမိုကရေစီဖယ်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေးအတွက် ပထမဆုံးခြေလှမ်းဖြစ်ကြောင်းပြောသည်။

    “NCA နဲ့ပတ်သက်လို့ လက်မှတ်ထိုးခဲ့တဲ့အဖွဲ့တွေရှိသလို အကြောင်းကြောင်းကြောင့် မထိုးရသေးတဲ့အဖွဲ့တွေလည်းရှိနေပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ပြီးပြုလုပ်တဲ့ အခါ NCA ကိုအခြေခံပြီး ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ကျွန်မတို့အစိုးရသစ် လက်ထက်မှာ NCA လက်မှတ်ထိုးဖို့ကျန်နေတဲ့အဖွဲ့တွေ ပါဝင်လာအောင် အထူးအလေးထားပြီး ဆောင်ရွက်လျှက်ရှိပါတယ်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြေကြားခဲ့သည်။

    NCA လက်မှတ်ရေးထိုးထားသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO နာယက ခွန်ဥက္ကာက “NCA လက်မှတ်ရေးထိုးမှလည်း အခုညီလာခံအပြီး ရှေ့ဆက်သွားမယ့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေမှာပါဝင်နိုင်မယ်။ မထိုးရင် မပါဝင်နိုင်ဘူး” ဟု ဆိုသည်။

    ၄ ရက်ကြာကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ(ပထမ) အစည်းအဝေးတွင် တိုင်းရင်းသားများက ၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရန် ထောက်ပြပြောဆိုကြသော်လည်း တပ်မတော်၏အမြင်သဘောထားတင်ပြရာတွင် ပြင်ဆင်လိုပါက လက်ရှိဖွဲ့စည်းပုံပါ ဥပဒေပြဌာန်းချက်နှင့်အညီဖြစ်ရမည်ဟု ဆိုသည်။

    အဆိုပါညီလာခံတွင် အစုအဖွဲ့ ၇၂ ဖွဲ့၏ သဘောထားအမြင်များကို သက်ဆိုင်သူများက တင်ပြခဲ့ပြီး၊ ကမ္ဘာကုလသမဂ္ဂအတွင်းရေးမှူးချူပ်အပါအဝင် တက်ရောက်ပြောကြားသူများ၏ မိန့်ခွန်းအားလုံးကို မှတ်တမ်းအဖြစ်ထားရှိမည်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks