spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းတစ်ပြည်လုံးအပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ရန် ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီး တိုက်တွန်း

    တစ်ပြည်လုံးအပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ရန် ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီး တိုက်တွန်း

    -

    လက်ရှိမြန်မာနိုင်ငံငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးအနေဖြင့် အပစ်အခတ်ရပ်စဲရေး အမြန်ဆုံးလုပ်ဆောင်ပြီး နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းကြောင်း တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က မွန်သတင်းအေဂျင်စီသို့ ပြောကြားသည်။

    နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာတွင် ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ(ပထမ) အစည်းအဝေး နောက်ဆုံးနေ့ဖြစ်သည့် စက်တင်ဘာ ၃ ရက်နေ့တွင် တွေ့ဆုံပြောကြားခြင်းဖြစ်သည်။

    ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီး နိုင်သက်လွင်(BNA)
    ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီး နိုင်သက်လွင်(BNA)
    “အဓိကကတော့ All Inclusive (အားလုံးပါဝင်တဲ့) အားလုံး အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးအဖြေရှာကြပါ၊ တပ်မတော်ဘက်ကရော တိုင်းရင်းသား လက်နက်ကိုင်တွေကပါ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ကြေညာဖို့ လိုတယ်“ ဟု နိုင်သက်လွင်ကပြောသည်။

    ထို့ပြင် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသည့် ပြည်နယ်၊ တိုင်းဒေသကြီးများမှ အစိုးရများသည်လည်း အခက်အခဲများနှင့်ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ နောက် ၆ လအတွင်း ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ (ဒုတိယအကြိမ် အစည်းအဝေး) ဆက်လက်ကျင်းပနိုင်ရန် အမြန်ဆုံးအပစ်အခတ်ရပ်စဲဖို့လိုအပ်ကြောင်း သူကပြောသည်။

    ဩဂုတ် ၃၁ မှ စက်တင်ဘာ ၄ ရက်နေ့အထိ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ(ပထမ) အစည်းအဝေးကျင်းပနေစဉ်ကာလအတွင်း ကရင်၊ ကချင်၊ ရှမ်းပြည်နယ်ဒေသများတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျှက်ရှိသည်။

    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်စိုးက “အဓိက ကာယကံရှင်တွေဖြစ်တဲ့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေပဲ၊ အဲဒီမှာ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်သူတွေနဲ့ဖြစ်တာလဲ ဒါကိုနားလည်ဖို့လိုတယ်၊ တိုက်ပွဲဖြစ်တယ် ဖြစ်တယ်ဆိုပြီးတော့ ခြုံငုံပြီးပြောလို့ တော့မရဘူး၊ NCA လက်မှတ်ထိုးတဲ့ ၈ ဖွဲ့ရှိတယ်၊ အဲဒီအဖွဲ့တွေနဲ့ လက်မှတ်ထိုးပြီး ဖြစ်တာလား”ဟု သတင်းထောက်များအား ပြောသည်။

    ဒီမိုကရေစီစနစ်တွင် စစ်တပ်သည် အရပ်ဖက်အုပ်ချုပ်မှုအောက်တွင် ရှိရမည်ဖြစ်ကြောင်း၊ စစ်တပ်၏အခန်းကဏ္ဍနှင့်ပတ်သက်၍ ၂၁ ရာစုပင်လုံ(ပထမ) အစည်းအဝေးတွင် တက်ရောက်ပြီး ပွင့်ပွင့်လင်းလင်းဆွေးနွေးတင်ပြခဲ့ကြောင်း NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ရခိုင်အမျိုးသားပါတီ ALP ဗဟိုအလုပ်အမှုဆောင် ဒေါ်စောမြရာဇာလင်းက ပြောသည်။

    “ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရေးဆွဲထားတယ်ဆိုပေမယ့်လို့ ပြည်သူတွေမသိဘူးဆိုရင် ပြည်သူတွေကိုလှည့်စားလို့ရတယ်၊ အခုဒီညီလာခံမှာ ပြည်သူလူထုတရပ်လုံးက ဒီညီလာခံမှာ အားလုံးပြောဆိုခဲ့ကြတယ်၊ ပြည်သူတွေ ကြားချင်တဲ့အရာတွေကို ကြားနိုင်စွမ်း ရှိသွားတယ်၊ ဒီညီလာခံဟာ ပွင့်လင်းမြင်သာမှုရှိတယ်လို့ အကောင်းဘက်က မြင်တယ်” ဟု သူကဆက်ပြောသည်။

    ၂၁ရာစု ပင်လုံ(ပထမ) အစည်းအဝေးတွင် အစိုးရ (၅)ဦး၊ လွှတ်တော် (၅) ဦး၊ တပ်မတော် (၁၀) ဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (၁၄) ဦး၊ နိုင်ငံရေးပါတီများ (၂၂) ဦး ပါဝင်သင့်ပါဝင်ထိုက်သူများ (၆) ဦး တိုင်းရင်းသားအစုအဖွဲ့မှ (၆) ဦး သီးခြားနိုင်ငံရေးပါတီမှ (၄) ဦး စုစုပေါင်း ပုဂ္ဂိုလ် (၇၂) ဦးက သဘောထား၊ အမြင် စာတမ်းတင်သွင်းခဲ့သည်။

    လာမည့် အောက်တိုဘာနှင့် နိုဝင်ဘာလတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ဒေသအလိုက်၊ လူမျိုးအလိုက်၊ အကြောင်းအရာအလိုက် ဆွေးနွေးပွဲများအား နိုင်ငံရေးမူဘောင်အတိုင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး နောက် (၆) လအကြာတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးကို ဆက်လက်ကျင်းပမည်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks