spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်း၂၀၁၆ ဇူလိုင်လထိ မွန်ပြည်နယ်အတွင်း ပြည်ပဧည့်သည် တစ်သိန်းကျော်လည်ပတ်

    ၂၀၁၆ ဇူလိုင်လထိ မွန်ပြည်နယ်အတွင်း ပြည်ပဧည့်သည် တစ်သိန်းကျော်လည်ပတ်

    -

    ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လထိ မွန်ပြည်နယ်အတွင်းသို့ ပြည်ပဧည့်သည် တစ်သိန်းကျော် ဝင်ရောက်လည်ပတ်ခဲ့သည်ဟု မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးဌာန (မော်လမြိုင်ရုံးခွဲ) ထံမှ သိရသည်။

    မွန်ပြည်နယ်သို့ ဇန်နဝါရီလမှ ဇူလိုင်လထိ ပြည်ပဧည့်သည် ၁၀၉၅၆၀ ဦးလာရောက်လည်ပတ်မှုရှိပြီး ၇၀၄၅၉ ဦးသည် သမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ သွားရောက်လည်ပတ်ကြသည်ဟု အဆိုပါဌာနထံမှ သိရသည်။

     ကျိုက်ထီရိုး(Internet)
    ကျိုက်ထီရိုး(Internet)
    “နိုင်ငံခြားသားတွေ ဒီ့ထက်မက ဝင်ရောက်နိုင်ဖို့တော့ ကျနော်တို့ ဆောင်ရွက်နေတယ်” ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဌာန (မော်လမြိုင်ရုံးခွဲ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးဟောက်ကျင်မုန်က ပြောသည်။

    မွန်ပြည်နယ်အတွင်းသို့ နိုင်ငံပေါင်း ၅၀ ကျော်မှ နိုင်ငံသားများ လာရောက်လည်ပတ်လျက်ရှိပြီး အထူးသဖြင့် ထိုင်း၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ အမေရိကန် စသည့်နိုင်ငံတို့မှ အများဆုံးလာရောက်လည်ပတ်ကြသည်ဟု သိရသည်။

    မွန်ပြည်နယ်အတွင်းသို့ လာရောက်လည်ပတ်ကြသည့် ပြည်ပဧည့်သည်တော်များသည် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ လာရောက်လည်ပတ်မှုအများဆုံးဖြစ်ပြီး မော်လမြိုင်၊ ဘီလူးကျွန်း၊ သံဖြူဇရပ်အပြင် မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်းရှိ အခြားစိတ်ဝင်စားစရာနေရာများသို့လည်း သွားရောက်လည်ပတ်ကြသည်။

    မွန်ပြည်နယ်၏ ခရီးသွားလုပ်ငန်းသည် ၂၀၁၂ ခုနှစ်မှစတင်ဖွံ့ဖြိုးလာပြီး ပြည်ပဧည့်သည်ဝင်ရောက်မှုသည်လည်း တစ်နှစ်ထက် တစ်နှစ် မြင့်တက်လာ ၂၀၁၂ ခုနှစ်တွင် ပြည်ပဧည့်သည် ၆၆,၇၈၈ ဦး၊ ၂၀၁၃ ခုနှစ်တွင် ၁၁၃,၁၅၃ ဦး၊ ၂၀၁၄ ခုနှစ်တွင် ၁၇၂,၃၄၉ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၁၅၈,၈၈၂ ဦး လာရောက်လည်ပတ်ခဲ့ကြသည်ဟု မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ ပြည်ပဧည့်သည်ဝင်ရောက်မှု စာရင်းဇယားအရ သိရသည်။

    ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့လည်း ပြည်ပဧည့်သည်ဝင်ရောက်မှု တစ်နှစ်ထက်တစ်နှစ် ပိုများလာလျက်ရှိကာ မွန်ပြည်နယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် ကျိုက်ထီးရိုးသည် စွဲဆောင်မှုအရှိဆုံးဖြစ်ပြီး နိုင်ငံခြားသားများအပြင် မြန်မာနိုင်ငံနေရာဒေသအနှံ့မှ ဘုရားဖူးဧည့်သည် တော်များဖြင့် စည်ကားလျက်ရှိကာ အထူးသဖြင့် ဆောင်းတွင်းကာလတွင် အစည်ကား ဆုံးဖြစ်သည်။

    ကျိုက်ထီးရိုး ရှေးဟောင်း ယဉ်ကျေးမှုဇုန်သို့ လစဉ် နိုင်ငံပေါင်း ၅၀ ကျော်မှ ခရီးသွားဧည့်သည်တော်များ လာရောက်လည်ပတ်လေ့ရှိကြပြီး ယဉ်ကျေးမှုဇုန်ဝင်ကြေးအဖြစ် နိုင်ငံခြား ခရီးသွား ဧည့်သည်တစ်ဦးလျှင် မြန်မာငွေ ၆၀ဝ၀ ကျပ်ဖြင့် စည်ပင်သာယာရေးကော်မတီက ကောက်ခံလျက်ရှိသည်။

    ကျိုက်ထီးရိုး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ နိုင်ငံတကာဘုန်းတော်ကြီးများနှင့် စစ်သံရုံး ဝန်ထမ်းများကိုသာ ဇုန်ဝင်ကြေး ကင်းလွတ်ခွင့် ပြုထားပြီး အခြားမည်သူမဆို ယဉ်ကျေးမှုဇုန်သို့ လာရောက်လည်ပတ်ပါက ဇုန်ဝင်ကြေး ပေးဆောင်ရမည်ဖြစ်သည်။

    ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသည် မွန်ပြည်နယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် စွဲဆောင်မှုအရှိဆုံးနေရာတစ်ခုဖြစ်ပြီး ပြည်ပဧည့်သည်တော်များအပြင် ပြည်တွင်း ဘုရားဖူးဧည့်သည်တော်များဖြင့် ၁၂ ရာသီ စည်ကားလျက်ရှိသည်။

    ဆံတော်ရှင် ကျိုက်ထီးရိုး တောင်ပေါ်သို့ ပြည်ပဧည့်သည် လာရောက်လည်ပတ်မှုသည် တစ်နှစ်ထက် တစ်နှစ်များပြားလာခဲ့ကာ ၂၀၁၂ ခုနှစ်တွင် ၆ သောင်းကျော်ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ၈ သောင်းကျော်၂၀၁၄ ခုနှစ်တွင် ၁ သိန်း ၂ သောင်းနီးပါးထိ ပြည်ပဧည့်သည် လာရောက်လည်ပတ်ခဲ့ကြသည်ဟု ကျိုက်ထီးရိုး ရှေးဟောင်း ယဉ်ကျေးမှုဇုန် နိုင်ငံခြားသား အဝင်စာရင်းများအရ သိရသည်။

    ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ နှစ်စဉ်နှစ်တိုင်း ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်ပေါင်း ၂ သန်းကျော် လာရောက်လည်ပတ်လေ့ရှိကြပြီး စေတီတော်ကြီးမှ နှစ်စဉ်ဝင်ငွေ ကျပ်သန်းပေါင်း ၁ ဒသမ ၅ ဘီလီယံကျော်ရရှိခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts