၂၀၁၆ ခုနှစ်အတွင်း မွန်ပြည်နယ် ၁၀ မြို့နယ်မှ `နိုင်ငံတော် ထောက်ပံ့ငွေရရှိမည့် အသက် ၉၀ နှင့်အထက် ဘိုးဘွား များဦးရေ ၁၈၄၃ ဦးရှိကြောင်း မွန်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါစာရင်းတွင် ပါရှိသည့် ဘိုးဘွားများအနက် အသက် ၉၀ နှင့်အထက် ၁၇၆၇ ဦးနှင့် အသက် ၁၀ဝ နှင့်အထက်က ၇၆ ဦးပါဝင်ပြီး ယင်းဘိုးဘွားများအား နိုင်ငံတော်ဘတ်ဂျက်ဖြင့် ထောက်ပံ့ငွေများ ပေး အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စာရင်းကောက်ခံရာတွင် အသက်အမှန်တကယ်ပြည့်ကြောင်း သက်ဆိုင်ရာအမျိုးသားမှတ်ပုံတင် (လဝက) ထောက်ခံစာ၊ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ မှတ်ပုံတင်မိတ္တူ၊ အိမ် ထောင်စုစာရင်းမိတ္တူ၊ ဓာတ်ပုံ (၃) ပုံတို့ပါရှိရမည်ဖြစ်ပြီး ယင်းအချက်တို့နှင့်ပြည့်စုံသည့် ဘိုးဘွားများကိုသာ ထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။
မွန်ပြည်နယ်ရှိ အသက် ၉၀ နှင့်အထက် ဘိုးဘွားများအတွက် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ထောက်ပံ့ငွေပေး အပ်သည့် အစီစဉ်သည် ၂၀၁၅ ခုနှစ်တွင် ၂၄ ဦး၊ တစ်ဦးလျှင် ငွေ ၁၈၀ဝ၀ (တစ်သောင်းရှစ်တောင်) ကျပ်ဖြင့် စတင်ပေးအပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်၌ အသက် ၉၀ နှင့်အထက်ကို ၁၅၀ဝ၀ ကျပ်ဖြင့်လည်းကောင်း၊ အသက် ၁၀ဝ နှင့် အထက်ကို ၂၀ဝ၀ဝ ကျပ်ဖြင့်လည်ကောင်း ထောက်ပံ့ငွေများ တစ်နှစ်တစ်ခါ ပေးသွားမည်ဖြစ်သည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မွန်ပြည်နယ်တွင် လူဦးရေစုစုပေါင်း (၂,ဝ၅၄,၃၉၃) ဦးရှိသည့်အနက် အသက် (၉၀) နှင့်အထက်က မော်လမြိုင်ခရိုင်တွင် (၂,၇၀၉) ဦးနှင့် သထုံခရိုင်တွင် (၁,၂၅၇) ဦး၊ စုစုပေါင်း (၃,၉၆၆) ဦးရှိကြောင်း ဖော်ပြထားသည်။