Homeသတင်း၂၁ ရာစု ပင်လုံညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ဝ ဦးတက်ရောက်ခွင့်ရှိ

၂၁ ရာစု ပင်လုံညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ဝ ဦးတက်ရောက်ခွင့်ရှိ

-

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ကျင်းပသွားမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံညီလာခံသို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ် မရေးထိုးရသေးသည့် အဖွဲ့များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး ၂၀ဝ ဦး တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

“ တိုင်းရင်းသားလက်နက်ကိုင်ဘက်က လူဦးရေ စုစုပေါင်း ၂၀ဝ ဖိတ်ကြားဖို့ သဘောတူတယ်။ ကျန်တာက တော့ ကျွန်တော်တို့ အရင်တုန်းက လုပ်ခဲ့တဲ့ အရေအတွက်အတိုင်းပဲ ဆောင်ရွက်ဖို့ရှိတယ်” ဟု ၂၁ ရာစု ပင်လုံ ညီလာခံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ(၂)အတွင်းရေးမှူး ဦးလှမောင်ရွှေ ကဆိုသည်။

UPDJC အစည်းအဝေး(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး)
UPDJC အစည်းအဝေး(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး)
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ ညီလာခံအား သြဂုတ် ၃၁ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ(၂)၌ ၅ ရက်ကြာ ကျင်းပသွားရန် အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ညှိနှိုင်းသဘောတူညီမှုရယူထားပြီးဖြစ်သည်။

သြဂုတ် ၃၁ ရက်နေ့တွင် ကျင်းပမည့် ၂၁ ရာစု ပင်လုံ ညီလာခံ (ပြည်ထောင်စုငြိမ်းချမ်း ရေး ညီလာခံ)၌ တိုင်းရင်းသားလက်နက်ကိုင်ဘက်မှ တက်ရောက်သူဦးရေ ၂၀ဝ ဦး ဖိတ်ကြားသွားမည်ဖြစ်သဖြင့် ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်သူဦးရေ ၇၅၀ ဦး ပါဝင်မည်ဟုလည်း သိရသည်။

သို့သော် အစိုးရသစ်သည် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်း ချမ်းရေး ညီလာခံတွင် ဆွေးနွေးခဲ့သော ကဏ္ဍကြီး ငါးရပ်ဖြစ်သော နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင် နှင့် သယံဇာတ စသည်ခေါင်းစဉ်များကိုသာ ဆွေးနွေးသွားကြမည်ဖြစ်ပြီး ဆုံးဖြတ်ချက် ချမှတ်မှုများ မပြုလုပ်သေးဘဲ အမျိုးသားအဆင့် ညီလာခံများ ကျင်းပသည့်အခါမှသာလျှင် ဆုံးဖြတ်ချက်များ ချမှတ်သွားမည်ဖြစ်ကြောင်းနှင့် အလားတူ ညီလာခံများကိုလည်း ၆ လတစ်ကြိမ် ကျင်းပသွားရန် သြဂုတ် ၁၅-၁၆ ရက်နေ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြသည်။

သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် အစိုးရအဖွဲ့ ကိုယ်စားလှယ် (၇၅)ဦး၊ လွှတ်တော်ကိုယ်စားလှယ် (၇၅) ဦး၊တပ်မတော်ကိုယ်စားလှယ်(၁၅၀)ဦး၊ တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်(၁၅၀)ဦး၊ တရားဝင် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်(၁၅၀)ဦး၊တိုင်းရင်းသားကိုယ်စားလှယ် (၅၀) ဦး နှင့် အခြား ပါဝင်သင့် ပါဝင်ထိုက်သူ (၅၀) ဦး၊ စုစုပေါင်း ကိုယ်စားလှယ် ၇၀ဝ ဦးဖြင့် ညီလာခံကို ကျင်းပခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts