spot_img
Wednesday, January 22, 2025
More
    spot_img
    Homeသတင်းအစိုးရနှင့် ရခိုင်၊ ပလောင်၊ ကိုးကန့်အဖွဲ့တို့ သြဂုတ် ၉ ရက်နေ့တွင်တွေ့မည်

    အစိုးရနှင့် ရခိုင်၊ ပလောင်၊ ကိုးကန့်အဖွဲ့တို့ သြဂုတ် ၉ ရက်နေ့တွင်တွေ့မည်

    -

    ၂၁ ရာစု ပင်လုံ ညီလာခံအကြိုပြင်ဆင်ရေးကော်မတီဝင် အစိုးရကိုယ်စားလှယ်အဖွဲ့သည် ရခိုင်တပ်မတော် AA, ပလောင်(တအာင်း)ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နှင့် ကိုးကန့်အဖွဲ့ MNDAA ကိုယ်စားလှယ်တို့ သြဂုတ် ၉ ရက်နေ့တွင် မိုင်းလားမြို ့၌ တွေ့ဆုံ၍ ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်နိုင်ရေးအတွက် ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

    “ကော်မတီနဲ့ ကော်မရှင်က ကိုယ်စားလှယ်တွေ ထွက်သွားကြပြီး ဦးသိန်းဇော် ၊ ဦးအောင်ကြည်၊ ဦးခင်ဇော်ဦး တို့ပါတယ်။ ၉ ရက်နေ့လည်လောက်မှာ တွေ့ဖြစ်မယ် ထင်တယ်။ မိုင်းလားမှာပဲ တွေ့ကြမှာပါ”ဟု ၂၁ ရာစု ပင်လုံ ညီလာခံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ(၂) အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။

    အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်များ(Internet)
    အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်များ(Internet)

    အဆိုပါ တွေ့ဆုံမှုသည် ၂၁ ရာစု ပင်လုံညီလာခံသို့ AA၊ TNLA၊ MNDAA တို့ တက်ရောက်နိုင်ရေး ၎င်းတို့အဖွဲ့များခေါင်းဆောင်များနှင့် အစိုးရ ကိုယ်စားလှယ်နှင့် တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ပြီး အဆိုပါတိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့တက်ရောက်ခွင့်ရရှိလာမည်ဆိုပါက ကျန် လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့များလည်း တက်ရောက်လာကြမည်ဖြစ်ကြောင်း သိရသည်။

    “တကယ်လို့များ အခြားအဖွဲ့တွေက ကျွန်တော်တို့ မပါဘဲ(၂၁ ပင်လုံညီလာခံ) သွားမယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်ကတော့ မငြိုငြင်ပါဘူး။ သူတို့သွားမယ်ဆိုရင်လည်း ကျွန်တော်တို့ကန့်ကွက်စရာ အကြောင်းမရှိဘူး။ သူတို့အဖွဲ့ အစည်းတွေ ဆုံးဖြတ်ပိုင်ခွင့်ဖြစ်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ဒီမူကို ဆွေးနွေးကြမှာပါဘဲ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်လူမျိုးတွေရဲ ့အကျိုးကိုတော့ ကိုယ်စားပြုမယ်။ ပြီးရင် ကျွန်တော်တို့က ကိုယ့်လူမျိုး တစ်ခုတည်းဆိုတာထက် အကုန်လုံး ပြည်ထောင်စုသားတွေပဲပေါ့လေ။ အဲ့ဒါအတွက်ကြောင့်လဲ ကျွန်တော်တို့ ကိုယ်တိုင် ကိုယ်ကျ ပါဝင်ချင်တာပေါ့”ဟု AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ဆိုသည်။

    ပြီးခဲ့သည် ဇွန်လ ၁၇ ရက်နေ့က ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် NDAA နှင့် UWSA ခေါင်းဆောင်များနှင့် မိုင်းလားမြို့သို့ သွားရောက်တွေ့ဆုံ၍ ၂၁ ရာစု ပင်လုံ ညီလာခံသို့ တက်ရောက်ရန် ဖိတ်ခေါ်ကမ်းလှမ်းခဲ့စဉ် AA၊ TNLA၊ MNDAA အဖွဲ့များနှင့်လည်း အလွတ်သဘောတွေ့ဆုံခဲ့ပြီး ဖြစ်သည်။

    ထိုသို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးရာတွင် “ပြည်သူသို့ တောင်းပန်ကြောင်း ကြေညာချက် တစ်စောင်ထုတ်ပြန်ပေးရန် နှင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွတ်ပေးရန် ကိစ္စတို့ကို အစိုးရကိုယ်စားလှယ်များဘက်မှ ပြောဆိုဆွေးနွေးခဲ့ကြောင်း” ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က မွန်သတင်းအေဂျင်စီနှင့် သီးသန့်တွေ့ဆုံမေးမြန်းချက်တွင် ပြောကြားခဲ့ပြီး ဖြစ်သည်။

    အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် AA၊ TNLA၊ MNDAA တို့အား တပ်မတော်မှ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွတ်မှသာလျှင် ငြိမ်းချမ်းရေးဆွေး နွေးပွဲသို့ တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ပြောဆိုထားခြင်းနှင့် ပတ်သက်ပြီး နှစ်ဖက်အကြားသဘောထားကွဲလွဲနေခြင်း ဖြစ်သည်။

    ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC အနေဖြင့် ၂၁ ပင်လုံညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်ရေးမူကို ဆက်လက်ဆွဲကိုင်ထားသည်ဟု သိရသည်။

    တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦး(ငြိမ်း)က “AA, TNLA, MNDAA တို့အနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွတ်စရာမလိုတော့ကြောင်း တပ်မတော်ဘက်မှ သဘောထားပြောင်းလဲပေးထားကြောင်း” ပြီးခဲ့သည့် ရက်ပိုင်းအတွင်းပြောဆိုခဲ့သည်ကို သတင်းဌာနများက ရေးသားဖော်ပြကြသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,300SubscribersSubscribe
    spot_img

    Latest posts