Homeသတင်းမွန်တွင် ရွှေ့ပြောင်းအိမ်ထောင်စုစာရင်း ၇၀ဝ ကျော် ထုတ်ပေးခဲ့

မွန်တွင် ရွှေ့ပြောင်းအိမ်ထောင်စုစာရင်း ၇၀ဝ ကျော် ထုတ်ပေးခဲ့

-

အစိုရသစ်၏ ရက် (၁၀ဝ) စီမံချက်ဖြင့် ရွှေ့ပြောင်းအိမ်ထောင်စုစာရင်း ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက် ခဲ့ရာ မွန်ပြည်နယ် (၁၀) မြို့နယ်တွင် အခြားဒေသမှ လာရောက်နေထိုင်လိုသည့် ရွှေ့ပြောင်းအိမ်ထောင်စုစာရင်း (၇၁၃) စု ထုတ်ပေးထားပြီဖြစ်ကြောင်း ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။

မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၈ ရက်နေ့အထိ ကောက်ခံရရှိခဲ့သည့် ရွှေ့ပြောင်း အိမ်ထောင်စု စာရင်း (၁၁၈၇၈) အနက် သာမန်ရွှေ့ပြောင်း (၈၅၇၉) စုနှင့် ယာယီရွှေ့ပြောင်း (၃၃၀၂) စု ရရှိခဲ့ ကြောင်း မွန်ပြည်နယ် လဝက ညွှန်ကြားရေးမှုး ဦးရှိန်ဝင်းက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

လဝကရုံး OSS ဝန်ဆောင်မှု(Internet)
လဝကရုံး OSS ဝန်ဆောင်မှု(Internet)
ဦးရှိန်ဝင်းက “ယနေ့အထိကောက်လို့ရတဲ့ ရွှေ့ပြောင်းအိမ်ထောင်စုက စုစုပေါင်း (၁၁၈၇၈) စု ရတာပေါ့နော်၊ အဲဒီထဲမှာမှ ဟိုဘက်ရုံးတွေကို မေးပြီးတော့ အိမ်ထောင်စုစာရင်းအတည်တကျ ထုတ်ပေးထားတာက (၇၁၃) စုပဲ ထုတ်ပေးထားတယ်” ဟု ဆိုသည်။

အဆိုပါ အိမ်ထောင်စု (၇၁၃) စုသည် သာမန်ရွှေ့ပြောင်းများဖြစ်၍ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုက စနစ်တကျစီစစ်ပြီး ကောက်ယူထားခြင်းဖြစ်ကြောင်း၊ နောက် သက်ဆိုင်ရာဒေသကို ပြန်လည်မေးမြန်းပြီး သက်ဆိုင်ရာဒေသမှ ပြန်လည်စီစစ်အတည်ပြုသည့်စာရင်း ဖြစ်ခြင်းကြောင့် နောက်ကြောင်းကင်းရှင်းသူ တွေဖြစ်ကြောင်း၊ မူလပြောင်းရွှေ့လာသည့်ဒေသက ရှိနေသည့်အိမ်ထောင်စုစာရင်းကိုလည်း ပယ်ဖျက်ထားပြီးဖြစ်ကြောင်း သူက ဆက်ပြောသည်။

ထို့အပြင် မြို့နယ်တစ်ခုမှ အခြားမြို့နယ်တစ်ခုသို့ ပြောင်းရွှေ့လာသူများ အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ပုံစံ (၁၀) မပါရှိပါက ပြောင်းရွှေ့လာသည့် မြို့နယ်သို့ ပြန်လည်စေလွှတ်ခြင်းမပြုတော့ဘဲ ဌာနအချင်းချင်း ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ပြီး လောလောဆယ်တွင် တစ်ချို့ရုံးလုပ်ငန်းကိစ္စရပ်များ ပြီးပြတ်မှုမရှိသေးခြင်းကြောင့် ရက် ၁၀ဝ စီမံချက်ပြီးသော်လည်း အဆိုပါလုပ်ငန်းများအပြီးသတ်ဆက်လက်ဆောင်ရွက်သွားရန် ပြည် ထောင်စုကနေ ညွှန်ကြားထားကြောင်းလည်း သိရသည်။

မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၏ ရက် ၁၀ဝ စီမံချက်အရ ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ မွန်ပြည်နယ်အတွင်းရှိ ရွှေ့ပြောင်းနေထိုင်သူများနှင့် အလုပ်သမားများ၏ အိမ်ထောင်စုလူဦးရေ စာရင်းကောက်ယူခြင်း၊ စာရင်းပြုစုခြင်း၊ စီစစ်ခြင်း၊ သတ်မှတ်ထား သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်တစ်မျိုးမျိုး ထုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု မေလ ၃၁ ရက်နေ့တွင် ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်သည်။

မွန်ပြည်နယ်တွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေစုစုပေါင်း ၂၀ သိန်းကျော် (၂၀၅၄၃၉၃) ဦးရှိပြီး အခြားဒေသမှ ရွှေ့ပြောင်းဝင်ရောက်လာသူဦးရေ ၃ သိန်း ၄ သောင်းကျော် (၃၄၂၁၈၉) ဦးရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts