spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းနိုင်နွန်လာ အောက်မေ့ဘွယ်အခမ်းအနား ဘုရားသုံးဆူတွင်ကျင်းပ

    နိုင်နွန်လာ အောက်မေ့ဘွယ်အခမ်းအနား ဘုရားသုံးဆူတွင်ကျင်းပ

    -

    မွန်ပြည်သစ်ပါတီ ဥက္ကဌ ဟောင်းနိုင်နွန်လာ၏ ၂၇ နှစ်ပြည့် အောက်မေ့ဘွယ် အခမ်းအနားကို သြဂုတ်လ ၈ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူရွာ(ရှမ်းကုန်း) မွန်ဘုန်းတော်ကြီးကျောင်း၌ ဟောပြောပွဲနှင့်အတူ ဆွမ်းကျွေး ရေစက်ချ အခမ်းအနားကျင်းပခဲ့သည်။

    အခမ်းအနားတွင် ဥက္ကဌကြီး၏ ကျန်ရစ်သူမိသားစုနှင့် ဆွေမျိုးများ၊ ဘုရားသုံးဆူဒေသခံများ၊ မွန်ပြည်သစ် ပါတီအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများနှင့် လူငယ်အဖွဲ့များ၊ အင်အား ၃၀ဝ ကျော် တက်ရောက်ခဲ့ရာတွင် ရှမ်းကုန်းဆရာတော် အသျှင်ဟံသာရာဇာက အခမ်းအနား အဖွင့်သြဝါဒ မြွက်ကြားပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ ဗညားအောင်မိုးက နိုင်နွန်လာ၏အတ္ထုပ္ပတ္တိအကျဉ်းကို ပြောကြားခဲ့သည်ကို တွေ့ရသည်။

    နိုင်နွန်လာ အောက်မေ့ဘွယ်အခမ်းအနား(MNA)
    နိုင်နွန်လာ အောက်မေ့ဘွယ်အခမ်းအနား(MNA)
    ဒေါက်တာဗညားအောင်မိုးက “ဥက္ကဌ နိုင်နွန်လာ ဟာတော်လှန်ရေးလုပ်ခဲ့စဉ်ကာလ တစ်လျောက်လုံး ကိုယ်ကျိုးမငဲ့ဘဲ လူမျိုးအကျိုးတစ်ခုတည်းကိုပဲ ဦးစားပေး လုပ်ကိုင်ခဲ့တဲ့ အာဇာနည်ခေါင်းဆောင် တစ်ဦးဖြစ်ကြောင်း”ဟု ပြောသည်။

    ၁၉၈၈ ကျောင်းသားအရေးအခင်း စစ်အာဏာသိမ်းမှုဖြစ်ပေါ်ပြီး ဘုရားသုံးဆူဒေသသို့ ကျောင်းသားများရောက်လာကြ၍ ကျောင်းသားတပ်မတော်ဖွဲ့စည်းရာတွင် မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်နွန်လာက ကူညီခဲ့သည်ဟု ဆိုသည်။

    “ဥက္ကဌ နိုင်နွန်လာ မိန့်ဆိုခဲ့ဖူးတဲ့ မိန့်ခွန်းတွေမှာ မှတ်သားစရာက နိုင်ငံရေးလုပ်ရင် စည်းဝိုင်းဘောင်အတွင်းကနေ ဆောင်ရွက်ပါ၊ စည်းဝိုင်းဘောင်အတွင်းမှာဘဲ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ပါ၊ စည်းဝိုင်းဘောင်အတွင်းကနေ တိုက်ပွဲဝင်အသေခံရဲရမယ် ဆိုတဲ့ မိန့်ခွန်းကို အခုခေတ်လူ ငယ်တွေအတုယူစရာ အဆိုအမိန့်တွေဖြစ်တယ်” ဟု ဒေါက်တာဗညားအောင်မိုးက ပြောသည်။

    နိုင်ငံရေး၊ အမျိုးသားရေးဘက်၌ လူငယ်များအများစု ပါဝင်လှုပ်ရှား လာသည့်အတွက် ပါတီစွဲ၊ အဖွဲ့အစည်းစွဲကို အဓိကမထားဘဲညီညွတ်ရေးကိုဦးစားပေး လုပ်ဆောင်သွားရန်၊ နိုင်ငံရေးကိုလေ့လာသင့်ပြီး အမျိုးသားရေးဆောင်ရွက်ရာတွင် ညီညွတ်မှုရှိမှသာ ရည်မှန်းချက်ပန်းတိုင် ရောက်ရှိနိုင်မည်ဟု နိုင်နွန်လာ မိန့်ဆိုစကားများကို နမူနာယူသင့်ကြောင်း သူက ဆက်ပြောသည်။

    မွန်ပြည်နယ်၊ မုဒုံမြို့နယ် နှီးပဒေါရွာ၌ ၁၉၁၇ ခုနှစ်တွင် နိုင်နွန်လာကိုမွေးဖွားခဲ့ပြီး ငယ်နာမည် “ဆိတ်နို့” ဟု၄င်း၊ အသက် ၂၂ နှစ်တွင် ရွာသူကြီးအဖြစ်၄င်း၊ အသက် ၃၁ နှစ်တွင် မွန်တော်လှန်ရေးစတင်ခဲ့သည့် မွန်ပြည်သူ့တပ်ဦးဗဟိုအလုပ်အမှုဆောင်အဖြစ်၄င်း၊ ၁၉၅၈ ခုနှစ်တွင် မွန်ပြည်သူ့တပ်ဦး ဥက္ကဌနိုင်အောင်ထွန်း ဦးနုအစိုးရထံ လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ခဲ့စဉ် ပါဝင်ခဲ့သည်ဟု အတ္ထုပ္ပတ္တိတွင် ဖော်ပြထားသည်။

    ထိုနောက် ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပျက်ပြားခဲ့ပြီး ထင်ရှားသောမွန်ခေါင်းဆောင်မျာနှင့်အတူ ထောင် ၁၀ နှစ်ကျခံခြင်း၊ ၁၉၇၄ ခုနှစ်တွင် ဥက္ကဌနိုင်ရွှေကျင် ဦးဆောင်သည့်မွန်ပြည်သစ်ပါတီသို့ ဝင်ရောက်လာခြင်း၊ ၁၉၈၀-၈၇ ခုနှစ်ပါတီနှစ်ဖွဲ့ကွဲစဉ် ဘုရားသုံးဆူဒေသအခြေခံသည့် မွန်ပြည်သစ်ပါတီ ဥက္ကဌဖြစ်လာခြင်း၊ ပါတီပြန်လည်ပေါင်းစည်းပြီး ၁၉၈၉ ခုနှစ်ပထမအကြိမ် မွန်ပြည်သစ်ပါတီညီလာခံ၌ ဒု-ဥက္ကဌအဖြစ် ပြန်လည်ရွေးချယ်ခံခြင်းတို့ကိုလည်း သူ၏အတ္ထုပ္ပတ္တိတွင် ဆက်လက်ဖော်ပြထားသည်။

    ဘုရားသုံးဆူအခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က ၁၉၈၉ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ကျင်းပသည့် ၈ လေးလုံးအရေးတော်ပုံ တစ်နှစ်ပြည့်မြောက် အခမ်းအနားတွင် နိုင်နွန်လာ သဘာပတိမိန့်ခွန်းပြောကြားနေစဉ် နှလုံးသွေးရပ်ပြီး စင်မြင့်ပေါ်ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

    နိုင်နွန်လာ ကွယ်လွန်ချိန်တွင် အသက် ၇၂ နှစ်ရှိပြီး ကျန်ရစ်သူ မိသားစုနှင့် ဆွေမျိုးတို့က အောက်မွေ့ဘွယ်အခမ်းအနားများ ကျင်းပသကဲ့သို့ ဇာတိရွာနှီးပဒေါကျေးရွာတွင် ရုပ်တုတစ်ခုအမှတ်တရထားရှိကာ အလားတူအခမ်းအနားများ နှစ်စဉ်ကျင်းပကြလေ့ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts