spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းMCL အတွက် ထုံးကျောက်ဘိလပ်မြေကုန်ကြမ်းထုတ်လုပ်ရန် အစိုးရ ၂၅ နှစ်ခွင့်ပြုထား

    MCL အတွက် ထုံးကျောက်ဘိလပ်မြေကုန်ကြမ်းထုတ်လုပ်ရန် အစိုးရ ၂၅ နှစ်ခွင့်ပြုထား

    -

    မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL အတွက် လိုအပ်သည့် စက်မှုကုန်ကြမ်း ထုံးကျောက် အကြီးစား ထုတ်လုပ်ခွင့်အတွက် သယံဇာတနှင့် သဘာဝ ပတ်ဝန်ကျင်းထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် Pacific Link Cement Industry Ltd. တို့ ၂၅ နှစ်အထိ လုပ်ငန်းစာချုပ် ချုပ်ဆိုထားကြောင်း သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းက ပြောသည်။

    မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပျားတောင်ဒေသ ကော့ဒွန်း-ကော့ပနော့ကျေးရွာအနီးတွင် တည် ဆောက်လျက်ရှိသည့် မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL သည် နိုင်ငံတော်အစိုးရနှင့် ဖက်စပ်လုပ်ကိုင်ခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံသားပိုင် Pacific Link Cement Industries Ltd. ပုဂ္ဂလိကအကျိုးတူ ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ဘိလပ်မြေထုတ်ရန် လိုအပ်သည့် စက်မှုကုန်ကြမ်း ထုံးကျောက်များကို ရယူသုံးစွဲသည့် ထုံးကျောက်အကြီးစား ထုတ်လုပ်ခွင့်အတွက် Pacific Link Cement Industry၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့သည် ၁၆-၃-၂၀၁၆ ရက်နေ့မှစပြီး ၁၅-၃-၂၀၃၆ ရက်အထိ နှစ်ပေါင်း ၂၅ နှစ်အထိကို ထုတ်လုပ်မှုအပေါ်တွင် ခွဲဝေခံစားသည့် စနစ်နှင့် လုပ်ငန်းစာချုပ် ချုပ်ဆိုပြီး ဆောင်ရွက်လျက်ရှိပါကြောင်း သြဂုတ် ၁ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ရှင်းလင်းပြောကြားခြင်း ဖြစ်သည်။

     ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းနှင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောကျော်ဝင်းမောင်(ပြည်သူ့လွှတ်တော်)
    ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းနှင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောကျော်ဝင်းမောင်(ပြည်သူ့လွှတ်တော်)

    ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက “ထုတ်လုပ်မှုအချိုးခွဲဝေမှုမှာ မိမိတို့ ဓာတ်သတ္တုခွန်သည် ၃ ရာခိုင် နှုန်းလုံးကို ပယ်ရပါကြောင်း၊ ကျန် သည့် တန်ချိန်ပေါ်တွင် ဌာနမှ ၃၀ ရာခိုင်နှုန်း၊ ကုမ္ပဏီက ၇၀ ရာခိုင် နှုန်း ခွဲဝေသည့်အချိုးဖြစ်ပါတယ်” ဟု ဆိုသည်။

    ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောကျော်ဝင်းမောင်က ကျိုက်မရောမြို့နယ်သည် အရင်အစိုးရလက်ထက်တွင် ဘိလပ်မြေစက်ရုံ (၃) ရုံ တည်ဆောက်ခွင့် ပြုခဲ့ပါကြောင်း၊ ဒီစက်ရုံ (၃)ရုံအနက် ထိုင်းကုမ္ပဏီပိုင် Mawlamyine Cement Limited (MCL) ဘိလပ်မြေ စက်ရုံကို ဆောက်လုပ်ပြီးစီးရန် အနည်းငယ်ကျန်ပြီး လည်ပတ်ရန်အတွက် မွန်ပြည်နယ်အစိုးရထံတွင် တင်ပြထားဆဲဖြစ်ကြောင်း ကြားသိရပါကြောင်း၊ ကျန်စက်ရုံ (၂) ရုံသည် မြေပြင်အနေအထားအရ စိစစ်ဆဲဖြစ်ပါကြောင်း၊အဆိုပါ MCL ဘိလပ်မြေစက်ရုံက ရရှိလာသည့်အကျိုးအမြတ်ကို နိုင်ငံတော်နှင့် ထိုင်း ကုမ္ပဏီတို့ မည်သို့ခွဲဝေယူရန် သဘောတူထားကြောင်း၊ နိုင်ငံတော်က ရရှိသည့်ခွဲဝေမှုအပေါ် ဖွံ့ဖြိုးမှုနိမ့်ကျနေသည့် ကျိုက်မရောမြို့နယ်၏ လူမှုဘဝဖွံ့ဖြိုးရေးအတွက် ဦးစားပေးဆောက်ရွက်ရန် လျာထားမှုများရှိ၊ မရှိ မေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

    ထို့နောက် ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ် မတ်လအတွင်း ထုံးကျောက် စုစုပေါင်း ၄၅၆,၅၈၀ မက် ထရစ်တန်းကို ထုတ်လုပ်ခဲ့ပြီး လုပ်ငန်းစာချုပ်အရ စုကြေးငွေ ကျပ် ၂ သန်း၊ ဓါတ်သတ္တုခွန် ၃ ရာခိုင်နှုန်းအတွက် ၁၆၈.၃၇ သန်းနှင့် လုပ်ငန်းဝေစုအတွက် ကျပ် ၁၅၉၄.၃၈ သန်းကို နိုင်ငံတော်အား ပေးသွင်းပြီးဖြစ်ကြောင်းကိုလည်း အဆိုပါ ပြည်ထောင်စုဝန်ကြီးက ဖြေကြားခဲ့သည်။

    MCL ကုမ္မဏီအနေဖြင့် ၄င်းတို့လုပ်ငန်းမှရရှိတဲ့ နှစ်စဉ် အသားတင်အမြတ်ငွေရဲ့ ၂ ရာခိုင်နှုန်းကို စီးပွား ရေးလုပ်ငန်းများရဲ့ လူမှုရေးတာဝန်ရှိမှု (Corporate Social Responsibility – CSR) အဖြစ် သုံးစွဲ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တင်ပြထားသည်ဟု ဆိုသည်။

    လက်ရှိအချိန်တွင် အဆိုပါမော်လမြိုင်ဘိလပ်မြေစက်ရုံ၏ အနောက်ဖက်ခြမ်းတွင် တည်ရှိသည့် ကွမ် ငန်းတောင်အား မိုင်းများဖောက်ခွဲကာ လိုအပ်သော ဘိလပ်မြေကုန်ကြမ်း ထုံးကျောက်များကို ထုတ်ယူ လျှက်ရှိကြောင်း ဒေသခံများက ပြောကြားသည်။

    ထို့အပြင် MCL မှ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ကျောက်မီးသွေးသုံး လျှပ်စစ်အားထုတ် လုပ်မှုစက်ရုံကိုလည်း ဒေသခံပြည်သူများက သဘောမတူ ကန့်ကွက်လျှက်ရှိကြောင်း သိရသည်။

    MCL ဘိလပ်မြေစက်ရုံသည် မြန်မာနိုင်ငံသားပိုင် (Pacific Link Cement Industries) ကုမ္မဏီက အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း၊ ထိုင်နိုင်ငံသားပိုင် SCG (Siam Cement Group) က အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းဖြင့် ပုဂ္ဂလိက အကျိုးတူ ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းဖြစ်ကြောင်း သိရသည်။

    အဆိုပါ MCL ဘိလပ်မြေစက်ရုံသည် မြေဧက ၁၄၀ဝ ကျော်ပေါ်တွင် တည်ဆောက်ထားပြီး တစ်နေ့ကို တန် ၅၀ဝ၀ ကျ နေ့စဉ် အိတ် ၁၀ဝ,ဝ၀ဝ ထုတ်မည့် စက်ရုံကြီးဖြစ်ခြင်းကြောင့် မြို့နယ်ဧရိယာ၏ ၂၅ ရာခိုင်နှုန်းနှင့် လူဦးရေ ငါးသောင်းကျော်ပေါ်တွင် အဆိုးအကောင်း အကျိုးသက်ရောက်မှုများ ရှိနေပါကြောင်း၊ ကျောက်မီးသွေး စွမ်းအင်အသုံးပြုမှုကြောင့် လူများ၏ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်မည်ဖြစ်ပြီး ပျံ့လွင့်လာသည့် ကျောက်မှုန်များကြောင့် လူများ၊ စိုက်ပျိုးပင်များ၊ သောက်သုံးရေများ စသည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မည်ကို ဒေသခံပြည်သူများက စိုးရိမ်ပူပန်နေကြကြောင်း ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောကျော်ဝင်းမောင်၏ မေးမြန်းချက်တွင် ပါရှိသည်။

    ထို့အပြင် ၂၀၁၂ ခုနှစ်မှစပြီး စက်ရုံတည်ဆောက်ခဲ့ရာတွင် ဒေသခံပြည်သူများအပေါ် အလေးအနက်ထားပြီး ပွင့်လင်းမြင်သာသည့် ထုတ်ပြန်ကြေညာမှုများ အားနည်းခဲ့ခြင်းကြောင့် ၂၀၁၆ ခုနှစ်၊ ဧပြီလထဲတွင် ဒေသခံပြည်သူ ၃၇၀ဝ ကျော်က လက်မှတ်ထိုးပြီး ၎င်း ကျောက်မီးသွေး စွမ်းအင်သုံးစက်ရုံ လည်ပတ်ခြင်းကို ကန့်ကွက်ကြောင်း နိုင်ငံတော်အစိုးရထံ အဆိုပြုတင်ပြခဲ့ကြပါကြောင်း၊ ၎င်း အတိုင်း ဘိလပ်မြေစက်ရုံ လည်ပတ်ခွင့်ပြုလိုက်လျှင် ဒေသခံများဖြစ်သည့် မွန်၊ ကရင် တိုင်းရင်းသားများ၏ ဆန္ဒကို ဥပေက္ခာပြုရာ ရောက်နိုင်သကဲ့သို့ တိုင်းရင်းသားများသည် ဖိနှိပ်ခံရခြင်းဆိုပြီး အထင်လွဲမှားစရာများ ရှိလာနိုင်ပါကြောင်း ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ယင်းကဲ့သို့ ထောက်ပြခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks