spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက မွန်ယဉ်ကျေးမှု အမွေအနှစ်များပျက်စီးဟု ဆို

    နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက မွန်ယဉ်ကျေးမှု အမွေအနှစ်များပျက်စီးဟု ဆို

    -

    နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ၏ အကျိုးဆက်ကြောင့် မွန်ပြည်နယ်အတွင်းရှိ ရှေးဟောင်းမွန်ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးလျက် ရှိကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က ပြောသည်။

    ဇူလိုင်လ ၃၀ ရက်နေ့တွင် HURFOM က မော်လမြိုင်မြို့ရှိ ကောင်းမြတ်ဟိုတယ်၌ မိတ်ဆက်ဖြန့်ဝေသည့် စာမျက်နှာ ၁၀ဝ ကျော် ပါ “မွန်ပြည်နယ်အတွင်းရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆန်းစစ်ခြင်း” အမည်ရှိ အစီရင်ခံစာ၏ “ယဉ်ကျေးမှုအမွေအနှစ်များ ပျက်စီးခြင်း” ခေါင်းစဉ်အောက်တွင် ယင်းကဲ့သို့ ပြောဆိုထားခြင်း ဖြစ်သည်။

    မွန်ပြည်နယ်အတွင်းရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆန်းစစ်ခြင်း(HURFOM)
    မွန်ပြည်နယ်အတွင်းရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆန်းစစ်ခြင်း(HURFOM)
    အစီရင်ခံစာတွင် “ထုံးကျောက်ထုတ်ယူရန်အတွက် MCL ကုမ္ပဏီမှ ဒိုင်းနမိုက်များ ဖောက်ခွဲခြင်းများကြောင့် မွန်ဘုရင်မကြီး ရှင်စောပု လက်ထက်ကတည်းက တည်ထားကိုးကွယ်ခဲ့သော စေတီပုထိုးနှင့် ဗုဒ္ဓရုပ်ပွားတော်များ ကွဲအက်လာခဲ့ခြင်းကြောင့် ကော့ဒွန်းရွာသူရွာသားများက စိုးရိမ်ပူပန်လျက် ရှိသည်” ဟု ဒေသခံတို့၏ ပြောဆိုချက်ကို အခြေခံကာ ဖော်ပြထားသည်။

    လက်ရှိတွင် မော်လမြိုင် ဘိလပ်မြေစက်ရုံ (MCL) ၏ ကုန်ကြမ်း ထုတ်လုပ်ရာ ပျားတောင်နှင့် ဘိလပ်မြေစက်ရုံအကြား၊ ကျိုက်မရောမြို့နယ် ကွမ်ငန်းကျေးရွာအနီးရှိ မွန်ဘုရင်မကြီး ရှင်စောပု၏ အမတ်ကြီး ဗညားရွတ် တည်ခဲ့သည့် ရှေးဟောင်း သမိုင်းဝင် ကျိုက်ကော့ကစ်စေတီတော် ပတ်လည်တွင် အက်ကြောင်းများ ဖြစ်ပေါ်လျက် ရှိသည်ဟု ဒေသခံများက ပြောသည်။

    ကွမ်ငန်းကျောင်းဆရာတော်က “စေတီတော်က မိုင်းခွဲတဲ့ ပျားတောင်နဲ့ ဘိလပ်မြေစက်ရုံကြားမှာ ရှိတယ်ဆိုတော့ အက်ကွဲတာဟာ မိုင်းကြောင့်လည်း ဖြစ်နိုင်တယ်။ စက်ရုံကြောင့်လည်း ဖြစ်နိုင်တယ်” ဟု မိန့်သည်။

    ကျိုက်ကော့ကစ်စေတီတော်သည် လွန်ခဲ့သည့် နှစ် ၆၀ဝ ကျော် ကောဇာသက္ကရာဇ် (၇၅၅) တွင် တည်ခဲ့ပြီး ကျိုက်မရောဘုရားကြီးထက် ၆၂ နှစ်စောကြောင်း စေတီတော်သမိုင်းများတွင် ဖော်ပြကြသည်။

    ၎င်းပြင် “June ကုမ္ပဏီက ကျိုက်ပိုင်းထွန်းဘုရားရှိ မျက်နှာကြက်များကို ပြင်ဆင်လုပ်ဆောင်ခဲ့သော်လည်း ကျွမ်းကျင်လုပ်သားများကို အသုံးမပြုခြင်းကြောင်း ဂူဝဘုရားခေါ် ကျိုက်ပိုင်းထွန်း (မွန်ဘာသာဖြင့် – ကျာ်ပါင်ထီု) ဘုရား၏ ရှေးဟောင်းအနုလက်ရာများ တဖြည်းဖြည်း ပျောက်ကွယ်ခဲ့ရကြောင်း ပြောပြခဲ့သည်” ဟုလည်း ဒေသခံ နိုင်ရွှေ၏ ပြောကြားချက်ကို အစီရင်ခံစာတွင် ဖော်ပြထားသည်။

    အစီရင်ခံစာအတွက် အချက်လက်မှတ်တမ်းတင် ဦးဆောင်သူ နိုင်ဗျူဟာမွန် က “သူတို့ ခွင့်ပြုချက် ရထားတဲ့အတိုင်းဆို ဒီထုံးကျောက်ဂူတွေ အားလုံးပါတယ်။ ရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ ပြန်ကြည့်ရင် တကယ်လို့ အဲဒီဒေသမှာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ ရှိရင် ခွင့်ပြုလို့ မရဘူး။ လုပ်လည်း လုပ်လို့ မရဘူး။ ကုမ္ပဏီဘက်က မထိခိုက်စေရဘူးလို့တော့ ပြောပါတယ်။ ဒါပေမဲ့ မိုင်းခွဲလို့ တုန်ခါအားကြောင့် စိုးရိမ်စရာ ရှိတယ်” ဟု ပြောသည်။

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပျားတောင်ဒေသနှင့် အနီးပတ်ဝန်းကျင်တွင် ထင်ရှားသည့် ထုံးကျောက်တောင်ပေါင်း ၉ လုံး ရှိပြီး၊ ပျားတောင် အပါအဝင် လူသိများသည့် အချို့သော တောင်များတွင် သဘာဝလိုဏ်ဂူပေါင်း ၆ ခု ရှိသည်။ ၎င်းလိုဏ်ဂူများ အနီးတစ်ဝိုက်တွင် ကုမ္ပဏီများက ဒိုင်းနမိုက်များ ဖောက်ခွဲကာ ကျောက်ထုတ်လုပ်လျက် ရှိသည်။

    ၎င်းအနက် လိုဏ်ဂူကြီး ၄ ခုတွင် ရှေးဟောင်းဗုဒ္ဓဆင်းတုတော်များ တည်ရှိသည့်အတွက် ဒိုင်းနမိုက် ဖောက်ခွဲမှု တုန်ခါအားကြောင့် ပျက်စီးသွားမည်ကိုလည်း ဒေသခံများ စိုးရိမ်လျက် ရှိသည်။

    မွန်ပြည်နယ် ၁၀ မြို့နယ်အနက် တွင်းထွက်သယံဇာတ ထုတ်ယူသော ကုမ္ပဏီများ၏ အကျိုးသက်ရောက်မှုကို အများဆုံး ခံစားရသော မြို့နယ်များမှာ ရေးနှင့် ကျိုက်မရောမြို့နယ်များ ဖြစ်ပြီး၊ ရေးမြို့နယ်တွင် ကဗျာဝကမ်းခြေ သဘာဝခရီးသွားလုပ်ငန်း Aurum Company limited၊ တိုယိုထိုင်းကုမ္ပဏီ (Toyo-Thai Corporation Public Company Limited – TTCL) ၏ ကျောက်မီးသွေးသုံးစွမ်း လျှပ်စစ်ဓါတ်အားပေးစက်ရုံစီမံကိန်းနှင့် ကျိုက်မရောမြို့နယ်တွင် မော်လမြိုင် ဘိလပ်မြေလိမိတက် (MCL)၊ June Cement Industry Ltd တို့ ဖြစ်သည်။

    အစီရင်ခံစာအတွက် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လထိ ၆ လတာအတွင်း နယ်သတင်းထောက် ၄ ဦးက ၎င်းမြို့နယ်များသို့ ၁၅ ကြိမ် သွားရောက်ကာ အချက်အလက်များ စုဆောင်း၍ သုတေသနလုပ်ကာ ပြုစုထားခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks