မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တိုင်းလိုလိုတွင် ဝက်အမြောက်အများသေဆုံးမှု ဖြစ်နေသည်ဟု ဝက်မွေးမြူသူတို့နှင့် ပြည်နယ်မွေးမြူရေးအဖွဲ့ချုပ်တို့က ပြောသည်။
သေဆုံးဝက်များဖြစ်ပွားသည့် ရောဂါလက္ခဏာအရ ဝက်တုပ်ကွေးရောဂါဖြစ်သည်ဟု မွန်ပြည်နယ် မွေးမြူရေးအဖွဲ့ချုပ် အတွင်းရေးမှူး ကိုညိုမင်းက ပြောသည်။
“မြို့နယ်တိုင်းမှာ ဖြစ်နေတယ်၊ တချို့ခြံတွေဆို တစ်ခြံလုံး သေကုန်တာ စဖြစ်ဖြစ်ချင်းမှာက ဝက်တွေ အစာမစားဘဲနဲ့ ငြိမ်နေတယ်၊ ပြီးတော့ ကိုယ်အပူချိန်တက်တယ် နားရွက်အေးလာတယ် အဖျားဝင်တာပေါ့ လွယ်လွယ်ပြောရရင် ပညာရှင်တွေကို မေးကြည့်တော့ တုတ်ကွေးပေါ့ အဲဒီကနေ တစ်ပတ်အတွင်း နားရွတ်ပြာပြီးတော့ သေတာဘဲ” ဟု သူက ပြောသည်။
ဝက်သေဆုံးမှုကြောင့် အရောင်းအဝယ်ထိခိုက်ကာ မွေးမြူရေးသမားများအတွက် အခက်ကြုံနေရသည့်အနေအထားရှိနေသည်ဟု မော်လမြိုင်မြို့နယ်မှ ဝက်မွေးမြူသူတစ်ဦးက ပြောသည်။
၄င်းက “သေတာက ခြံတိုင်းဘဲ ဝက်တွေ အခုလို သေနေတာ နေမကောင်းဖြစ်နေတော့ ဝယ်သူတွေကလည်း ဈေးနှိမ်ဝယ်ကြတယ်၊ ခြံသမားတွေလည်း ဘယ်လိုလုပ်မလဲ ရတဲ့ဈေးနဲ့ ရောင်းရတာပေါ့ ဒီလိုဆုံးရှုံးမှုတွေများတော့ မွေးမြူရေးလုပ်ငန်းပါထိခိုက်တာပေါ့” ဟု ဆိုသည်။
ဝက်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်နှင့် ဝက်သေဆုံးမှုမဖြစ်ပွားအောင် ဝက်ခြံများကို ဇီဝလုံခြုံမှုရှိရန် ဝက်ခြံသန့်ရှင်းအောင်ပြုလုပ်ထားခြင်း၊ ပိုးသတ်ဆေးဖြန်းပေးခြင်းမျိုးများ ပုံမှန်လုပ်ဆောင်ရန်လိုအပ်သည်ဟု ကိုညိုမင်းက ဆက်ပြောသည်။
မွန်ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဝက်များရောဂါဖြစ်ပွားနေသည်ဟု ယူဆပါက ၄င်းတို့ဌာနထံ လာရောက်အကြောင်းကြားပြီး ဌာနနှင့် ပူးပေါင်းကာ ကာကွယ်ကုသမှုကို ဆောင်ရွက်သင့်သည်ဟု ပြောသည်။
မွန်ပြည်နယ်အတွင်း ဝက်အကောင်ရေ ၃ သိန်းခန့်ရှိသည်ဟု မွန်ပြည်နယ် မွေးမြူရေးအဖွဲ့ချုပ် မှ ကိုညိုမင်းက ခန့်မှန်းပြောသည်။