spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းနယ်စပ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သို့ အိတ်ဖွင့်ပေးစာပို့

    နယ်စပ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သို့ အိတ်ဖွင့်ပေးစာပို့

    -

    နယ်စပ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၄၀ မှ ၎င်းတို့အား မူလနိုင်ငံသားများအဖြစ် ပြန်လည် အသိ အမှတ်ပြုပြီး မြန်မာနိုင်ငံ ဖက်ဒရယ် ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်း များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်ခွင့်ပြုရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ လိပ် မူ၍ ဇူလိုင်လ ၂၅ ရက်နေ့တွင် အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့တင်ပြခဲ့ကြောင်း သိရသည်။

    အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ပဲ့ကိုင်ကော်မတီဝင် မသွယ်ဇင်တိုးက “ကျမတို့ နယ်စပ်မှာ ပညာပေး လေ့ကျင့်တည်ဆောက်ထားမှုတွေနဲ့ အခုလိုတိုင်းပြည် အပြောင်းအလဲကာလ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရေးနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းတွေမှာ ပိုမိုအားကောင်းအောင် ဝိုင်းဝန်းအားဖြည့်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ဆိုသည်။

    နယ်စပ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများ- အင်တာနက်စာမျက်နှာ(Copy)
    နယ်စပ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများ- အင်တာနက်စာမျက်နှာ(Copy)

    မိမိတို့တိုင်းပြည်ကို လုံခြုံစိတ်ချစွာ ပြန်လာနိုင်ရေးနှင့် မူလနိုင်ငံသားအခွင့်အရေး ပြန်လည်ရရှိစေရေးအတွက် အစိုးရအနေဖြင့် စဉ်းစားပေးပြီး လမ်းညွှန်ချက်များ အမြန်ဆုံးချမှတ်ပေးစေလိုကြောင်း၊ အခုထိ အမည်မည်းစာရင်းမှာ ပါနေသေးသူတွေကိုလည်း ထုတ်ပေးစေလိုကြောင်း၊ လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် တိုင်းပြည်ဦးဆောင်တဲ့အချိန်တွင် မိမိတို့အနေဖြင့် နိုင်ငံတည်ဆောက်ရေးအတွက် အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်လိုသည့်ဆန္ဒရှိကြောင်း မသွယ်ဇင်တိုးက ဆက်ပြောသည်။

    မြန်မာနိုင်ငံဒီမိုကရေစီနှင့် ဖက်ဒရယ်ဖော်ဆောင်ရေး၊ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားမှု၊ ကုလ သမဂ္ဂနှင့် နိုင်ငံတကာအဝန်းအဝိုင်းမှ ထောက်ခံ အားပေးစေရန် စည်းရုံးလှုံ့ဆော်ရေးနှင့် နယ်စပ်ဒေသတွင် ဒုက္ခရောက်နေသည့် နေရပ်စွန့်ခွာ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ၏ ပညာရေး၊ ကျန်းမာရေးလိုအပ် ချက် ဖြည့်ဆည်းမှုနှင့် စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများကို နယ်စပ်တွင်အခြေစိုက်သည့် အရပ်ဘက်အဖွဲ့အစည်း များအနေဖြင့် လုပ်ဆောင်ခဲ့ကြသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ နိုင်ကဆုမွန် က ရှင်းပြခဲ့သည်။

    “ကျွန်တော်တို့ နယ်စပ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ အသွင်ကူးပြောင်းရေးကာလ တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် ကျွန်တော်တို့ နှစ်ပေါင်းများစွာ လေ့လာဆည်းပူးလုပ်ဆောင်ခဲ့တဲ့ ကျွမ်းကျင်ရာ လုပ်ငန်းတွေအလိုက် ကျရာအခန်းကဏ္ဍတွေမှာ ပါဝင်ဖြည့်ဆည်းဆောင်ရွက်ဖို့ ဆန္ဒရှိတယ်” ဟု အိပ်ဖွင့်ပေးစာ ပေးပို့ရာတွင် ပါဝင်သည့် နိုင်ကဆုမွန်က ဆိုသည်။

    လက်ရှိနိုင်ငံရေးအပြောင်းအလဲကာလတွင် နယ်စပ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းတိုင်ပင်ဆွေးနွေးပွဲတစ်ခုအား ၂၀၁၆ ခုနှစ် မေလ ၇ ရက်နေ့မှ မေလ ၉ ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် အစည်းဝေးပွဲတရပ် ပြုလုပ်ခဲ့ရာ အဆိုပါ အိပ်ဖွင့်စာ ပေးပို့ရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။

    ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်စာ ပေးပို့ခဲ့သော အရပ်ဘက်အဖွဲ့အစည်းများသည် နိုင်ငံရေးဖိနှိပ်မှုများ ကြောင့် မြန်မာနိုင်ငံနယ်နိမိတ်ကျော်၍ နယ်စပ်ဒေသများသို့ ရောက်ရှိလာသော မျိုးဆက်အသီးသီးမှ ဒီမိုကရေ စီရေး တက်ကြွလှုပ်ရှားသူများ တိုင်းရင်းသားလူငယ် အမျိုးသမီးအင်အားစုများ ဖြစ်ကြပြီး ၁၉၉၅ ခုနှစ်မှ စတင်၍ နယ်စပ်ဒေသအသီးသီးရှိ လွတ်မြောက်နယ်မြေများကို အခြေခံကာ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး၊ ဒီမို ကရေစီ၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေးတို့အတွက် တတ်စွမ်းသမျှ ကြိုးပမ်းဆောင် ရွက်နေသောအဖွဲ့များဖြစ်ကြသည်ဟု အိပ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks