spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းဇွန်လအတွင်း မူးယစ်ဆေးဝါးအလုံး ၄၈၅၆ မွန်ပြည်နယ်တွင် ဖမ်းဆီးရမိ

    ဇွန်လအတွင်း မူးယစ်ဆေးဝါးအလုံး ၄၈၅၆ မွန်ပြည်နယ်တွင် ဖမ်းဆီးရမိ

    -

    ပြီးခဲ့သည့် ဇွန်လအတွင်း မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါးအလုံး ၄၈၅၆ ဖမ်းဆီးရမိခဲ့သည်ဟု ပြည်နယ် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

    မူးယစ်ဆေးဝါး(Internet)
    မူးယစ်ဆေးဝါး(Internet)

    မော်လမြိုင်မြို့နယ်တွင် ၂၄၅၀ လုံး၊ မုဒုံမြို့နယ်တွင် ၁၁၀၆ လုံး၊ ရေးမြို့နယ်တွင် ၃၉၄ လုံး၊ ကျိုက်ထိုမြို့တွင် ၁၅၂၄ လုံး၊ ဘီလင်းမြို့နယ် ၂၄ လုံး၊ သထုံမြို့နယ် ၁၈၁ လုံး၊ ပေါင်မြို့နယ် ၁၇၁ လုံးဖမ်းဆီးမိပြီး ကျိုက်မရောမြို့နယ်၊ ချောင်းဆုံမြို့နယ် နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ဖမ်းဆီးရမှုမရှိဟု မူးယစ်ဆေးဝါးဖမ်းဆီးရေးတာဝန်ခံ ရဲအုပ်ဝင်းညွန့်က ဆိုသည်။

    ရဲအုပ်ဝင်းညွန့်က “မူးယစ်ဆေးဝါးကို ပြီးခဲ့တဲ့လထက် ဒီလက ပိုပြီးတော့ဖမ်းမိတယ်။ ချောင်းဆုံမြို့နယ်နဲ့ ကျိုက်မရောမြို့နယ်တို့မှာ ဖမ်းဆီးမရတာက မူးယစ်ဆေးဝါး ရောင်းဝယ်မှု မရှိလို့တော့ မဟုတ်ဘူး။ သတင်းရရှိမှု မသေချာတာကြောင့် ကျနော်တို့ ဖမ်းဆီးမရသေးတာဖြစ်တယ်၊ မသေချာပဲ သွားဖမ်းရင် လွဲမှားမှု ဖြစ်နိုင်တယ်။ တစ်ဖက်လူရဲ့ဂုဏ်သိက္ခာကိုလည်း ကြည့်ရဦးမယ်။ သတင်းတိကျရင်တော့ အကုန်းလုံးကို ကျနော်တို့ဖမ်းမှာပါ” ဟု ဆိုသည်။

    အဆိုပါဖမ်းဆီးရမိသည့်ဖြစ်စဉ်များတွင် အမျိုးသာ ၄၄ ဦး၊ အမျိုးသမီး ၁ ဦးတို့ကိုလည်း တရားစွဲဆိုအရေးယူထားကြောင်း မွန်ပြည်နယ် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ရုံးမှ သိရသည်။

    မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲမှု ကျဆင်းရန်အတွက် မြို့နယ်တိုင်မှာ မူးယစ်ဆေးဝါးသုံးစွဲမှုအန္တရာယ် ဟောပြောပွဲများ၊ မူးယစ်ဆေးဝါးအန္တရာယ်မြေစိုက်ပိုစတာများစိုက်ထူခြင်း၊ မူးယစ်ဆေးဝါးနှင့် ပြစ်ဒဏ်များအကြောင်း လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပန်းချီးပြိုင်ပွဲများပြုလုပ်ခြင်းကို အကောင်အထည်ဖေါ်လျက်ရှိကြောင်း ရဲအုပ်ဝင်ညွန့်က ဆိုသည်။

    မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဥက္ကဌ နိုင်အောင်မငေးက “ ပြီးခဲ့တဲ့နှစ်ထက် ဒီနှစ်က မူးယစ်ဆေးဝါး ပိုများလာတယ်။ အထက်တန်းကျောင်းသားတွေလည်း မူးယစ်ဆေးဝါးကို သုံးစွဲလာကြတယ်။ ကျနော်တို့ တတ်နိုင်သလောက် ဖမ်းဆီးမှု လုပ်နေပေမယ့်လည်း ဆေးဝါးပျံ့နှံ့နေတာက ဖမ်းဆီးတဲ့ အင်အားထက် များနေတယ်ဆိုတော့ မူးယစ်ဆေးဝါး ဖမ်းဆီးမှုက လွယ်လွယ်နဲ့ အောင်မြင်မှာမဟုတ်ဘူး” ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

    မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု (၃၈) မော်လမြိုင်နှင့် တပ်ဖွဲ့စု (၃၉) ရေး တို့ကိုဖွဲ့စည်းထားပြီး မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေများတွင်လည်း ဖမ်းဆီးအရေးယူလျက်ရှိကြောင်း သိရသည်။

    ပြီးခဲ့သည့်မေလအတွင်း မွန်ပြည်နယ်၌ မူးယစ်ဆေးဝါး အလုံး ၂၄၀၅ ဖမ်းဆီးမိခဲ့ရာတွင် အမျိုးသား ၃၄ ဦးနှင့် အမျိုးသမီး ၂ ဦးကို တရားစွဲဆိုအရေးယူထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts