spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းချောင်းဆုံမြို့နယ်တွင် လွှတ်တော်ရန်ပုံငွေကျပ်သိန်းတစ်ထောင်ခွဲဝေရေး ညှိနှိုင်းမရသေး

    ချောင်းဆုံမြို့နယ်တွင် လွှတ်တော်ရန်ပုံငွေကျပ်သိန်းတစ်ထောင်ခွဲဝေရေး ညှိနှိုင်းမရသေး

    -

    မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ကျေးရွာများအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ပြည်နယ် လွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ထောက်ပံ့ပေးမည့် ကျပ်ငွေသိန်းတစ်ထောင်ကိစ္စနှင့်စပ်လျဉ်း၍ တန်တူညီမျှ ခွဲဝေသုံးစွဲနိုင်ရေးကိစ္စအပေါ် ဒေသခံလွှတ်တော် ကိုယ်စားလှယ်များအကြား ညှိနှိုင်းသဘောတူညီမှုမရသေး ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

    ဘီးလူးကျွန်း-ချောင်းဆုံမြို့နယ်ကို Google Earth မှမြင်ရပုံ(Google Earth)
    ဘီးလူးကျွန်း-ချောင်းဆုံမြို့နယ်ကို Google Earth မှမြင်ရပုံ(Google Earth)

    ချောင်းဆုံမဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက “ အခုလက်ရှိ ချောင်း ဆုံမဲဆန္ဒနယ် အမှတ် (၁) မှာ ကျေးရွာ ၁၀ ရွာလောက်ကို ဖွံ့ဖြိုးရေးလုပ်ဖို့ စီစဉ်ထားပါတယ်၊ နောက်ဆုံးအနေနဲ့ တန်တူညီမျှဖြစ်ဖို့ တစ်ရွာမှာ သိန်း ၅၀ ဆိုရင် ၇ ရွာလောက်ကို သိန်း ၃၃၀ ရရင် အဆင်ပြေပါတယ်၊ ဒါပေမယ့် ကျနော်တို့ ၃ ယောက် အစည်းအဝေးထိုင်တာ ဒီကနေ့အထိ သဘောတူညီမှု မရသေးဘူး” ဟု ပြောသည်။

    ချောင်းဆုံမဲဆန္ဒနယ် အမှတ် (၁) တွင်ရှိ ကျေးရွာတစ်ရွာလျှင် သိန်း ၅၀ ထောက်ပံ့ပေးနိုင်ရန် လျာထားပြီး သက် ဆိုင်ရာဒေသခံများကိုလည်း ကတိပေး ထားပြီးဖြစ်ကြောင်းနှင့် ယင်းဖွံ့ဖြိုးရေးလုပ်ငန်းများ စတင်လုပ်ဆောင်နိုင် ရန် ဒေသခံများက အလှူငွေထည့်ပြီး လိုအပ်သည့်ပစ္စည်းများကိုလည်း ကြိုတင်ဝယ်ယူ စုဆောင်းထားပြီး ဖြစ်ကြောင်း၊ ပြည်နယ်ရန်ပုံငွေက တရားဝင်ကျလာလျှင် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကာ လက်ရှိတွင် အဆိုပါကိစ္စပတ်သက်၍ သဘောတူညီမှုမရရှိသေးခြင်းကြောင့် အခက်အခဲများနှင့် ကြုံတွေ့ လာနိုင်ကြောင်း ၄င်းက ဆက်ပြောသည်။

    လွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေရည်ရွယ်ချက်တွင် ဒေသခံလွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်မှုဖြင့် ဒေသ အတွင်းရှိ လမ်းလုပ်ငန်း၊ ရေရရှိရေး၊ ကျောင်းဆောင် စသည့်ကဏ္ဍများတွင် ဒေသခံများ၏ လိုအပ်ချက်အတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျေးရွာဖွံ့ဖြိုးရေးဆောင်ရွက်သည့်နေရာတွင် ဒေသခံ ပြည်သူလူထုများ ပူးပေါင်း ဆောင်ရွက်လျှင် ဦးစားပေး ရွေးချယ်ရမည်ဖြစ်ကြောင်း၊ ဒေသခံလွှတ်တော်ကိုယ်စားလှယ် အချင်းချင်း ညှိနှိုင်း သဘောတူမှသာ ပြည်ထောင်စု လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ ဗဟိုအဖွဲ့သို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

    ချောင်းဆုံမြို့နယ်တွင် ပြည်နယ်လွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေနှင့်စပ်လျဉ်း၍ ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ကာ ယင်းအဖွဲ့တွင် ဥက္ကဌအဖြစ် အမျိုးသားလွှတ်တော် ဦးလင်းထင်ဌေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌနမှ ဦးမြတ်စိုးက အတွင်းရေးမှုး၊ အဖွဲ့ဝင်အဖြစ် ချောင်းဆုံ မဲဆန္ဒနယ် အမှတ် (၁-၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဒေါက်တာအောင်နိုင်ဦး၊ ဒေါ်ကြည်ကြည်မြ အပါအဝင် အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်း ထားခဲ့ကြောင်း သိရသည်။

    ချောင်းဆုံ မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြက “ဥက္ကဌက ကော်မတီဖွဲ့ လိုက်ပြီးတော့ ကော်မတီဥက္ကဌရဲ့ ဆန္ဒအတိုင်းပေါ့ လုပ်နေပါတယ်၊ ချောင်းဆုံမြို့နယ်မှာ ၄၆ အုပ်စု ရှိတယ်ပေါ့၊ အဲဒီ ၄၆ အုပ်စု ထဲမှာ တစ်ခါမှ မရသေးတဲ့ ရွာနဲ့ တစ်ခါရဖူးတဲ့ရွာဆိုပြီး ခွဲပေးမယ်ပေါ့၊ အဲလို ဆုံးဖြတ်ချက် ချ ထားပါတယ်၊ ဒါပေမယ့် အဲဒီဆုံးဖြတ်ချက်ချတဲ့အချိန်မှာ အစ်မတို့ မြို့နယ်မှာ ကိုယ်စားလှယ် ၃ ယောက်ရှိ တယ်လေ၊ ဆုံးဖြတ်ချက်ချတဲ့နေ့မှာ မဲဆန္ဒနယ် အမှတ် (၁)၊ (၂) လွှတ်တော်ကိုယ်စားလှယ်နှစ်ယောက်က လွှတ်တော်မှာပဲ ရှိနေတယ်၊ အစည်းအဝေး မတက်လိုက်ရဘူး “ ဟု ပြောသည်။

    လက်ရှိ အနေအထားအရ အစည်းအဝေးဆုံးဖြတ်ချက်အတိုင်းဆိုရင် မဲဆန္ဒနယ်အမှတ် (၂) ဘက်၌ ဖွံ့ဖြိုး ရေးလုပ်ငန်းလုပ်ဆောင်ရန် စာရင်းတွင် ကျေးရွာအများစု ပါဝင်နေကြောင်း၊ မဲဆန္ဒနယ် အမှတ် (၁) ဘက်တွင် ၄ ရွာ လောက်သာ ပါနေသည့်အတွက် ယခုချိန်အထိ ညှိနှိုင်း၍ မရသေးကြောင်း ၄င်းက ဆက်ပြောသည်။

    မုဒွန်းရွာ ရပ်မိရပ်ဖ တစ်ဦးဖြစ်သည့် နိုင်စိန်ထွန်းက “သတင်းကြားတာကတော့ ဒီနှစ် အတွက် လွှတ် တော်ဘတ်ဂျက်မှာ ကျနော်တို့ရွာ မပါဘူးဆိုတော့ အခုလည်း ကျေးရွာ ပြည်သူလူထုဆီကို အလှူငွေ ကောက် ထားပြီးပြီး၊ ပစ္စည်းတွေ ဝယ်ပြီးပြီးဆိုတော့ အများကြီး အခက်အခဲ ဖြစ်နိုင်တယ်” ဟု ပြောသည်။

    အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဇူလိုင်လ ၅ ရက်နေ့တွင် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ကျေးရွာ ၁၀ ရွာရှိ ဒေသခံများက ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းတွင်ဆောင်ရွက်ရာတွင် တန်းတူညီမျှမှု မရရှိသည့်အတွက် လွှတ် တော်ဥက္ကဌ ဒေါ်တင်အိထံ တင်ပြထားပြီးဖြစ်ရာ လာမည့်လွှတ်တော် အထူးအစည်းအဝေးကျင်းပသည့်ရက် များတွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

    ၂၀၁၃ ခုနှစ်ကစတင်ပြီး မြို့နယ်တစ်ခုလျင် ပြည်နယ်လွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ အစီအစဉ် ငွေကျပ်သိန်းတစ်ထောင် ချပေးလာခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks