spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့နယ်တွင် ရွှေ့ပြောင်းအိမ်ထောင်စုစာရင်း ၉ ရာကျော်စာရင်းပေးသွင်းထား

    သံဖြူဇရပ်မြို့နယ်တွင် ရွှေ့ပြောင်းအိမ်ထောင်စုစာရင်း ၉ ရာကျော်စာရင်းပေးသွင်းထား

    -

    ရက် ၁၀၀ စီမံချက်ဖြင့် ရွှေ့ပြောင်းလုပ်သားများအား အိမ်တောင်စုစာရင်းများထုတ်ပေးလျက်ရှိရာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အိမ်ထောင်စုစာရင်း ကိုးရာ(၉၀၀) ကျော် စာရင်းပေးသွင်းထားပြီဟု လဝကဦးစီးမှူးထံမှ သိရသည်။

    သံဖြူဇရပ်မြို့နယ်လဝကဦးစီးမှူး ဦးစိုးမင်းလတ်နှင့် MNA အင်တာဗျူးစဉ်(MNA)
    သံဖြူဇရပ်မြို့နယ်လဝကဦးစီးမှူး ဦးစိုးမင်းလတ်နှင့် MNA အင်တာဗျူးစဉ်(MNA)

    သံဖြူဇရပ်မြို့နယ် လဝကဦးစီးမှူး ဦးစိုးမင်းလတ်က “အခြားဒေသကရွှေ့ပြောင်းလာသူတွေကို ရက် ၁၀၀ စီမံချက်ထဲမှာ အိမ်ထောင်စုစာရင်းထုတ်ပေးတယ်၊ သာမန်ရွှေ့ပြောင်းနဲ့ ယာယီရွှေ့ပြောင်းဆိုပြီး ၂ မျိုးခွဲထားတယ်၊ ယာယီနေတဲ့သူတွေကို စာရင်းပဲကောက်တယ်၊ အခြေချမယ့်သူတွေကို အိမ်ထောင်စုစာရင်းထုတ်ပေးမယ်” ဟု မွန်သတင်းအေဂျင်စီနှင့် တွေ့ဆုံမေးမြန်းချက်တရပ်တွင် ပြောသည််။

    အဆိုပါရွှေ့ပြောင်းဝင်ရောက်လာသူများအနေဖြင့် လက်လုပ်လက်စားများဖြစ်သည့်အတွက် ၄င်းတို့၏ ပုံစံ ၁၀ အထွက်ကို ပြန်မယူနိုင်ကြကြောင်း၊ ရွှေ့ပြောင်းစီမံချက်အစီအစဉ်ဖြင့် သက်ဆိုင်ရာမြို့နယ်တွင် အိမ်ထောင်စုစာရင်းရှိမရှိ စာရင်းအရင်ကောက်ခံကြောင်း၊ ယခင်အိမ်ထောင်စုစာရင်းမရှိခဲ့သော်လည်း သက်ဆိုင်ရာမြို့နယ်တွင် နေထိုင်ခဲ့ခြင်းမှန်ကန်ပါက အိမ်ထောင်စုစာရင်း ထုတ်ပေးမည်ဟု ဆိုသည်။

    “ဒီမှာက ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းဘက်ကများတယ်၊ ဥပမာ မြန်အောင်မြို့နယ်က မိသားစုတစ်စု (သို့မဟုတ်) လူတစ်ယောက်က ဒီမှာလာနေတယ်ဆိုရင် ကျနော်တို့ သူ့ကိုစာရင်းကောက်လိုက်တယ်၊ စာရင်းကောက်ပြီးရင် ကျနော်တို့က မြန်အောင်ဘက်(လဝက) ရုံးကိုမေးရတယ်၊ အိမ်ထောင်စုစာရင်းရှိမရှိ၊ တစ်ချို့အိမ်ထောင်စာရင်းမပါရင်လည်း အမှန်တကယ်နေထိုင်ခဲ့ခြင်းရှိမရှိ၊ ရှိတယ်လို့အကြောင်းပြန်လာရင် ဒီမှာအိမ်ထောင်စုစာရင်းထုတ်ပေးတယ်” ဟု လဝကဦးစီးမှူးက ဆက်ပြောသည်။

    ရွှေ့ပြောင်းအိမ်ထောင်စုစာရင်းထုတ်ပေးရေးအစီအစဉ် ရက် ၁၀၀ သစ္စာစီမံချက်အား မွန်ပြည်နယ်အစိုးရပြန်လည်သုံးသပ်ရန် ဇွန်လ ၁၀ ရက်နေ့စွဲဖြင့် အဆိုပါ မုဒုံမြို့နယ်၊ မွန်လူငယ်အသင်းအပါအဝင် မွန်အသင်းအဖွဲ့ ၁၆ ဖွဲ့က ဝန်ကြီးချုပ်ထံ လက်မှတ်ရေးထိုး တောင်းဆိုစာရေးသားခဲ့သည်။

    အလားတူ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ရွှေ့ပြောင်းအိမ်ထောင်စုစာရင်းထုတ်ပေးရေးအစီအစဉ်ကို ပြန်လည်ရုတ်သိမ်းပေးရန် မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ ဇွန်လ ၂၀ ရက်စွဲဖြင့် မွန်အမျိုးသားပါတီ အိတ်ဖွင့်ပေးစာ တောင်းဆိုပေးပို့ခဲ့သည်ကို တွေ့ရှိရသည်။

    ထို့အတူ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် SNLD သည် ဇူလိုင်လတွင် ပြန်လည် ကျင်းပမည့်လွှတ်တော် အစည်းအဝေးများသို့ တင်ပြကန့်ကွက်သွားရန် ပြင်ဆင်လျက်ရှိပြီး ထိုသို့ အိမ်ထောင်စုစာရင်း ထုတ်ပေးမည့် အစီအစဉ်သည် လာမည့်ရွေးကောက်ပွဲများအတွက် မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်နေခြင်းလာ
    ဆိုသည့် မေးခွန်းများလည်း ထွက်ပေါ်လာခဲ့သည်ကို သတင်းများတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။

    အလားတူ ကချင်ပြည်နယ်တွင်း ၀င်ရောက်လာတဲ့ ရွှေ့ပြောင်း အလုပ်သမားများ၊ လူသစ်များကို အိမ်ထောင်စု ထုတ်ပေးခြင်း၊ မြေနေရာ ဖော်ထုတ် ပေးခြင်းနှင့် မြေဂရံများ ထုတ်ပေးခြင်းသည် မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာများ ဖြစ်စေမည့်အပြင် အစိုးရဖော်ဆောင်နေသည့် ပြည်တွင်း ငြိမ်းချမ်းရေးကိုပင် ယုံကြည်မှုပျက်ပြား စေနိုင်ကြောင်း ကချင်အမျိုးသားများကိုယ်စားပြု ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ WMR က အစိုးရအဖွဲ့သစ်၏ “ရက် (၁၀၀) စီမံကိန်း” ခေါ် “ရွှေ့ပြောင်း အလုပ်သမားများနှင့် အခြေချသူများအား အိမ်ထောင်စု စာရင်း ထုတ်ပေးခြင်း” စီမံချက်ကို ခေတ္တဆိုင်းငံ့ထားရန် ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ ဇွန် ၂၀ ရက်စွဲဖြင့် တောင်းဆိုခဲ့ကြောင်း ကချင်းသတင်းဌာန KNG တွင် သတင်းဖော်ပြထားသည်။

    အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်၌ ရွှေ့့ပြောင်းများအား အိမ်ထောင်စုစာရင်းထုတ်ပေးရေးအစီအစဉ်ကုုိ “သစ္စာစီမံချက်” ဟု လှုိ့ဝှက်အမည်ပေးထားပြီး ရွှေ့ပြောင်းအများစုမှ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် အညာဒေသမှ ဗမာလူမျိုးအများစုပါဝင်သည်ဟု တွေ့ရှိရသည်။

    သတင်းပြင်ဆင်ချက်
    အထက်ပါသတင်းအား “သံဖြူဇရပ်မြို့နယ်တွင် ရွှေ့ပြောင်းအိမ်ထောင်စုစာရင်း ၉ ရာကျော်ထုတ်ပေးခဲ့ပြီး”ဟု သတင်းလွဲမှားစွာဖော်ပြခဲ့သည့်အတွက် သက်ဆိုင်သူများနှင့် ပရိသတ်အားလုံးအား မွန်သတင်းအေဂျင်စီမှ အနူးအညွတ်တောင်းပန်ပါကြောင်း၊

    အယ်ဒီတာ
    မွန်သတင်းအေဂျင်စီ

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks